၁၃.၈.၁၀(သောကြာနေ့)
“အဖြစ်အပျက်.. တော်တော်များများဟာ
ရည်ရွယ်ချက်..မရှိ …မရည်ရွယ်ပါပဲ
ဖြစ်ပျက်…သွား..တတ်ကြတယ်၊
အရည်ကို.. လက်နဲ့.. ယက်လှော်
အသူရာနတ်တို့.. အိပ်တန်းဝင်တဲ့.. ကျွန်း..ဆီကို
မင့်ကိုယ်မင်း ဒိုင်ဗင်ထိုးဆင်း
စာရင်းဝင်….. လိုက်ပြီးပေါ့။”…..
တိုင်ကပ်နာရီက ၉နာရီထိုးဖို့ ၁၀မီနစ်အလို။ဒီအချိန်မျိုးက လူစုံတက်စုံ
ဆိုင်တံခါးရွက် ဆွဲဖွင့်တဲ့ အချိန်မျိုးဖြစ်တယ်။ဆိုင်ထဲက ပါကင်ထိုးထားတဲ့ ကားတွေကို
“၀ူး”ကနဲ့မောင်းထွက်မယ်၊ “ကလဲကလဲ”နဲ့လက်ဆွဲဂျိုင့်ဆွဲထုတ်တဲ့ အသံတွေ
နေ့စဉ်ထုတ် သတင်းစာတွေလုဆွဲဖတ်တဲ့ အချိန်မျိုးပေါ့။ဒါက နိစ္စဓူဝ ပုံမှန် ဖြစ်စဉ်ရယ်ပါ။
ဒီနေ့မှ ဆိုင်းမပါဗုံမဆင့် မိုးဖွဲလေးတွေ သည်းလိုက်လေရယ့်။ကားပြင်တဲ့ လူတွေ အဖို့
မိုးရွာပြီဆို နီးရာခုံဆွဲထိုင် တောင်စဉ်ရေမရ အတွေးနယ်ချဲ့ နေကြလျက်တာချည်းပဲ။
အလုပ်ပါးလွန်း ပါဘိနှယ်။
“အဖြိုး…..အဖြိုး..”
ကိုယ့်အာရုံနဲ့ ကိုယ်မို့ ရုံးစာရေး ခေါ်သံကို လန့်ဖျပ် စိတ်ပျက်သွားတယ်။
“မယ့်ဆီ..ဂေါင်” (ဘာလဲ ..ပြော)……..ဟု ထူးမခြားနား ထူးလိုက်တယ်။
“တယ်လီဖုန်း” လို့ ဖုန်းလာကြောင်း ရုံးစာရေးက ပြောတယ်။
ကျွန်တော်လဲ customer ဖုန်းခေါ်တယ် အထင်နဲ့ “ok ..ok” ဆိုပြီး ရုံးခန်းထဲ ဖုန်းရှိရာ
အပြေးတစ်ပိုင်း ၀င်သွားတယ်။
“ဟလို ကိုဖြိုးလား” “အင်.. ပြောညီ…. ဘာအကူညီ ပေးရမလဲ” ။
“ကိုရန်ရန်… ရှောသွားပြီးဗျ” ။“ဟေ” “မင်းစကားက ဟုတ်ပါ့မလား”
“ဟုတ်တယ် အစ်ကို ၊ဒီမနက် ၄း၀၀နာရီလောက်ကတဲ့၊ သူ့အိမ်မှာပဲ ရှောတာတဲ့
အတိကျတော့မသိဘူး ၊ ခုပဲ ကိုမင်းမင်း ဖုန်းဆက်တယ်။”
“ok ..အခု သူနဲ့ အနီးနားမှာ ရှိတဲ့ အသိ တစ်ယောက်ဆီ ဖုန်းဆက်မေးကြည့်လိုက်မယ်၊
ဒါပဲနော်…ညီ”..။
“ဟာာာာ”…သွားပြီး တစ်ယောက်။ရေထဲက ငါးကို ကုန်းပေါ် ခေါ်တင်ထားသလိုပဲ
ကျွန်တော့် ရင်ဘတ်ကြီး တလှပ်လှပ် တုန်လှုပ်သွားတယ်။
“ဟလို….ကိုမောင်မောင်၊
ရန်ရန် ရှောသွားပြီးဆို ..တကယ်ပဲလား။”
“အေး…ဟုတ်တယ်..။
“ဟုတ်ပါ့မလား…သူက သဘောကောင်းပါတယ်၊စိတ်ဓာတ်လေးလဲ ဒီလောက်ကောင်းတာဗျာ”၊
“အေး..အဲဒါ ဟိုတုန်းက..မင်းနဲ့ စ,သိတုန်းကလေ”။
လွန်ခဲ့တဲ့ ၃နှစ်လောက်က အသားညိုညို ၊ ဥပဓိရုပ် ခပ်ဖြောင့်ဖြောင့်
သြဇာအသံထွက် ကောင်းတဲ့ပုဂ္ဂိုလ်တစ်ယောက်ကို သိကျွမ်းခဲ့ဘူးတယ်။
ပြည်သား ဇာတိက ‘ပြည်မြို့’။အသက် ရှိလှ ၂၈…၂၉ လောက်ပါပဲ။
သူရယ်မောတဲ့ အခါ သူ့ရဲ့မျက်လုံးတွေက ပွင့်လင်းရိုးသားတဲ့ အရောင်လက်တယ်။
စကားပြောနေရင်း ပြုံးတဲ့ သူ့မျက်လုံးက ခင်မင်ရင်းနှီး ချင်စရာ ကောင်းတယ်။
တစ်ခါတစ်ရံ သူရဲ့အပြုံးက မာကျောလွန်းတယ်။လူတွေကို ကူညီတတ်တယ်။
အထူးသဖြင့် အလုပ်လက်မဲ့ “ဂိန်”နေတဲ့ လူတွေကို အလုပ်ရှာပေးတတ်တယ်။
သူ့နယ်(ဒီမလေးရှား) တခွင်မှာ ရန်ရန်ဆို လမ်းတွေ့ လူတိုင်း နှုတ်ဆက် တတ်တယ်။
“အင်….ကိုမောင်မောင် ဘယ်လို ဖြစ်ကျတာလဲ”
“အာ..ဒီကောင်တွေ အိမ်မှာ ညတိုင်း ၀ိုင်းဖွဲ့ ပြီး သောက်စားနေကြတယ်၊
ညက သူတို့ ပုံမှန် အရက်ဝိုင်းဖွဲ့ သောက်စားနေကြတယ်။မနက် ၃နာရီ ကျော်လောက်မှာ
“အုံး..ဒိုင်း”..အသံတွေ ကြားရတယ်တဲ့”။ “ဟုတ်လား..ဘယ်သူတွေ ကြားရတာလဲ”၊
“သူတို့အိမ် အပေါ်ထပ် အခန်းမှာ ငှားနေတဲ့ လင်မယားက။
ဒီကောင်တွေ ညတိုင်း မူးပြီး ဆူညံသောင်းကျန်း နေကျပဲတဲ့.. “ဟေ့ ကောင်ရေ”၊
“ဆိုတော့က လင်မယားနှစ်ယောက်လဲ အောက်ဆင်းမကြည့် ကြတော့ပဲ အခန်းမှာပဲ ဆက်အောင်းနေတော့တယ်။”
“ဘယ်သူ တွေနဲ့ သောက်နေကြတာလဲ” ။ “ကုလားတွေ နဲ့လား”။
“မဟုတ်ဘူး….ခု သူနဲ့ စုပြီး ငှားနေကြတဲ့ သူ့အိမ်က
ကောင်တွေ နဲ့ပဲ။…သူတို့ကို မင်းမသိပါဘူး” ။
“ရန်ရန်က ဘာဖြစ်သွားတာလဲ”
“လေဖြတ် သွားတာလား”။ “ဘယ်ကလာ…မင်းက သူ့ကို အထင်ကြီး လွန်နေပြီး”
“မနက်ပိုင်း အပေါ်က လင်မယား နှစ်ယောက် အလုပ်သွားဖို့ အောက်လှေကား အဆင်း
လှေကားရင်းမှာ ဒီကောင့်ကို ခြုံစောင် တစ်ထည်နဲ့ အုပ်ထားတာ တွေ့လိုက်ရတယ်။
ဘေးနားတစ်ဝှိုက်မှာ သွေးတွေ အိုင်ထွန်းနေတယ်။သောက်ဖော် ရွှေအချင်းချင်း
ရိုက်သတ်သွားတာ” ။
“ဟ…ဒါဆို အသတ်ခံရတာပေါ့..”။
“မင်းကတော့ လုပ်ပြီး…သွေးတွေနဲ့ သေနေပါတယ် ဆိုမှ…ငါက မင်းကို
ဘုရားစူး…အသတ်ခံရပါတယ်လို့ ကျိန်ပြနေရအုံးမလား “လဒ”…ရ ”။
“အမှားကို သိရုံ…နဲ့
အမှား… မထိဘူးလို့ မမြင်စေနဲ့၊
ည…တာရှည်ရင် အိမ်မက်တွေ..များမယ်
အိမ်ရေးဝ…ဖို့ကျ..ကိုယ့်စိတ်ကို..ကိုယ်,
..ချည်တုပ်ထား…ရမှာပဲ။
ကမ္ဘာကြီး…လည်နေသမျှ,
..ပတ်ဝန်းကျင်က..အရောင်ပြောင်းနေမှာပဲ၊
ကိုယ့် ..အရိပ်ကို… ပြန်ခိုနေတဲ့ ..အပင်ကြား
အမေ့ဖ၀ါးနဲ့ ချော့သပ်ဘူးတဲ့…ဦးခေါင်း,
နားအရောင်လိုက်…အသိတရား…ပြောင်း…သွားရတယ်..လို့
“တောက်”…..ပျော့ညံ့..လွန်းတယ်။”
“ဗုဒ္ဓေါ”…
“ကိုမောင်မောင်ခုဖြစ်တာက အပြင်က ရန်ငြိုးကြောင့်လား”။
“မင်းကွာ..ပိန်းပြီးရင် ပိန်းနေတော့တာပါပဲလား။ သူ့အိမ်ခေါ်တင်ထားပြီး
အတူသောက်နေတဲ့ သူ့လူရင်းတွေက သတ်သွားတာလို့ပြောကျတယ်။
ဘယ်တစ်ယောက်လဲတော့ ငါလဲ မသိဘူးကွ”။
အားငယ်တဲ့လူကို အားပေးထိန်းကျောင်းတတ်တဲ့ မင်းရဲ့အကျင့်ကောင်းက အရက်ကျွန် ဖြစ်နေတဲ့ အပေါင်းသင်းကိုမှ အထိန်းကျောင်းမှား မိလေတယ်။
Do not love the unvirtuous too much ၊ Even thought praised highly,
The wicked may act impolitely and boisterously.
စိတ်ထားမကောင်းသူ(သူယုတ်မာ)ကို အချစ်မလွန်ရာ။
ထိုသူတို့သည် ထိပ်ပေါ်တင်ရွက် မြှောက်စား ခံရသော်လည် မချေမငံ ဆူပွတ်ညံ ပြုတတ်၏။
အိမ်ပေါ် ခေါ်တင် ထားရလောက်အောင် မင်းစိတ် မင်းနိုင်လို့လား။
ပင့်ကူတွေဟာ သူတို့ပြုလုပ်ထားတဲ့ ပိုက်ကွန်မှာပဲ အိပ်စက် ကြသလိုမျိုး
အရက်ကျွန်တွေကြားမှာ အရက်နွံ အနစ်ခံ အိပ်စက် ရတယ်လို့ကွာ။
ဒီအဖြစ်ကို ကြားတော့ တော်တော်လေး တုန်လှုပ်သွားတယ်။
ကျီးသဲဆရာတော် ရေးတဲ့ ပေါရာဏိက ကထာကျမ်းထဲ ဖတ်ခဲ့ဘူးတဲ့
သန်းနဲ့ကြမ်းပိုးပုံပြင်ကို ပြေးမြင်မိတယ်။
ရှေးအခါက ကောသလမင်းကြီးရဲ့ ၀တ်လဲတော်မှာ အာသဠလို့ ခေါ်တဲ့
သန်းတစ်ကောင် နေတယ်။အိပ်တဲ့ မွေ့ရာအောက်မှာတော့ စဏ္ဏလို့ခေါ်တဲ့ ကြမ်းပိုးနေတယ်။
တစ်နေ့ ဒီသန်းနဲ့ ကြမ်းပိုးတို့ မွေ့ရာအထက်မှာ တွေ့မြင်ကြတော့ ကြမ်းပိုးကမေးတယ်။
“အဆွေ အာသဠ သင့်ရဲ့ကိုယ်က ၀ါဂွမ်းသားလို ညက်ထွားဖြူစင် ၀လင်လှတယ်။
ဘယ်သူ့အသွေးသား သောက်စားရလို့လဲ” ဟု မေးတော့ သန်းက ဒီလို ဖြေတယ်။
“အဆွေစဏ္ဏ ငါက ကောသလမင်းရဲ့ ကောင်းမွန်နူးညံ့တဲ့ အ၀တ်အတွင်းမှာ တွယ်အောင်းပြီး
သွေးကိုသောက်ရလို့ဝလင်ပါတယ်၊သင်ကတော့“မင်း”ရဲ့ မွေ့ရာနေရပါနဲ့
ပိန်ကပ်ကြုပ်လှီလိုက်တာ၊သွေးစ သားစ မသောက်ရလို့လား”။
ကြမ်းပိုးကလဲ “အဆွေ ငါကိုက်ခဲလိုက်တိုင် ဖမ်းဆီးဖွေရှာလှတာကြောင့် ပြေးရတယ်။
တစ်ခါတစ်ရံ မွေ့ရာအောက် ပုန်းရတယ်။တစ်ခါတစ်ခါ ကြမ်းလွှာကြား ပုန်းရတယ်။
ဒီဒုက္ခကြောင့် မ၀ရေစာ ဖြစ်နေရတယ်။အဆွေ အာသဠ သင်နဲ့အတူ ငါနေပြီး
မင်းကြီးသွေးကို သောက်ပါရစေ” လို့ဆိုတော့ သန်းက..
“အချင်း စဏ္ဏ မင်းကြီးရဲ့ကိုယ်တော်က အသားရေအလွန် မွေ့ညက်တယ်။
ငါတို့က သိမ်သိမ်မွေ့မွေ့ ကိုက်ပြီး သွေးကိုသောက်တာကြောင့် မင်းကြီး မသိ၊
သင်တို့မူက ရုန့်ရင်းစွာ ကိုက်တတ်တာကြောင့် ချက်ချင်း သိပြီး ရှာဖွေလိမ့်မယ်။
ငါနဲ့အတူနေပြီး ကိုက်ရင် မင်းကြီးနိုးပြီးထရှာ လိမ့်မယ်။ငါက အပြေးနှေးတယ်၊အသင်က
အပြေးမြန်လို့ သင်ခဲသော ဒဏ်ကြောင့် ငါအသတ်ခံရမယ်၊ဒါကြောင့် အတူမနေချင်” ဟု
ဆိုတယ်။ ကြမ်းပိုးကလဲ…
“အဆွေ ငါက သင်ကိုက်တဲ့နည်းအတိုင်း ဖြည်းဖြည်းသာသာကိုက်ပါ့မယ်၊ သင်ကိုက်တဲ့ဟန်
နည်းခံရအောင် အတူနေပါရစေ” ဆိုပြီး အ၀တ်တစ်လျှောက် လိုက်တယ်။
သန်းလဲ သူ့ကို သနားတတ်တဲ့ သဘောရှိလို့ လက်ခံလိုက်တယ်။
အတော်ကြာတော့ မင်းကြီး စက်တော်ခေါ်လို့ မပျော်ခင်မှာ ကြမ်းပိုးက ပေါင်တွင်းကို
ဝင်ပြီးခဲ တော့တာပဲ၊ မင်းကြီးလန့်ပြီး ရှာတော့ ကြမ်းပိုးက အပြေးလျင်လို့
ပျောက်သွားတယ်။သန်းကို ဖမ်းမိပြီး မင်းကြီး သတ်ပစ်လိုက်တော့တယ်။
ဒါကိုထောက်ပြီး “လူ့ဘောင်လောကမှာ လူတို့ဟာ အသွင်မတူ၊ အယူအဆ မတူသူ တို့ကို
အကျွမ်းမ၀င်ရာ၊ အတင်းသွပ်တွင်း အပေါင်းအဖက် မပြုရာ ပြုလျှင် ပျက်စီးရ၏”။လို့
စကားပုံစု တစ်ခုကို ဖတ်ဘူးသမျှ ပြန်ပြီးထွက်ကျလာတယ်။
လူ့ပတ်ဝန်းကျင်မှာ မှန်မှန်ကန်ကန်ရှုမြင် တတ်တဲ့ အမြင်မရှိရင်
ဘာလုပ်ရမှန်းမသိပဲ စိတ်ဓာတ်တွေ ပျက်ပြားကျဆင်းသွားတတ်တာပဲ။
အခက်ခဲတွေပြဿနာတွေနဲ့ထူပေါလွန်းတဲ့ လောကကြီးမှာ စိတ်အသိ ကြံ့ခိုင်ခြင်း မရှိရင် စိတ်ဓာတ်ကျစရာချည်းပဲ။
ဒါကိုမှ ထွက်ပေါက်ရှာပြီး အရက်ချည်း ဖိသောက်နေလို့ကတော့ တိုတောင်းပါတယ်
ဆိုတဲ့ လူ့သက်တမ်း ဖယောင်းတိုင်ကို နှစ်ဖက်စလုံး ရှို့သလို သက်ဆိုးဘယ်ရှည်တော့မလဲ။
ပြီးတော့ မူးယစ်စေတတ်တဲ့ ဘယ်အမျိုးအစားကို မဆို အလွန်အကျွံ သုံးစွဲ ခံစားလွန်းတာလဲ
လူရဲ့ အာရုံအသိ သတိတရားကို မေ့လျော့ထုံထိုင်း စေတတ်တာပဲ။ ဒီိလိုမေ့လျော့သူဟာ သူတို့ ဖြစ်ချင်နေတဲ့ ဆန္ဒတွေအတွက် အကြံကောင်းဥာဏ်ကောင်းတွေ ဘယ်လိုလုပ် ထွက်နိုင် တော့မှာလဲ။
အရက်ဆိုတာ ခဏတာ ဇိမ်ခံဖို့လောက်ပဲ အသုံးပြုဖို့ ကောင်းတဲ့ ဇိမ်ခံပစ္စည်း။
အရက် ယစ်မူးနေသူဟာ သူတို့ရဲ့ စိတ်ကို အစိုးမရတဲ့ အဖြစ်ဆီ ရောက်သွားတယ်။
မူးယစ်နေတဲ့ အခါ မဆို သင့်တာတွေ ဆိုရဲ၊ ပြောရဲ နှုတ်မစောင့်မိတော့ဘူး။
အရက်ကို ရေမရော တစ်ချိုက်တည်း မော့သောက်နိုင်တာကိုပဲ လောကကြီးရဲ့
အခမ်းနားဆုံး အမှုကို ပြုနိုင်သူလို့ လွဲမှားတဲ့ မာနတွေ စိမ့်ဝင်လာတော့တယ်။
မပြောသင့် မပြုသင့်တာတွေ ပြုမိပြီး ခိုက်ရန် ဒေါသနဲ့ သတ်ပုတ်တာတွေလဲ ဖြစ်ကုန်တယ်။
အခု မင်းလို ခန္ဓာ အသက်ပါ အဓိပ္ပာယ်မဲ့ ပေးလိုက်ရတဲ့ “ လူတွေ သတ်လို့ လူတွေ သေခြင်းမျိုးပဲ”။
ငါဟာ မင်းရဲ့..စစ်အတွင်းက..သူငယ်ချင်း မဟုတ်ခဲ့ဘူး
ငါဟာ မင်းရဲ့..ကျောင်းနေဖက်..သူငယ်ချင်း မဟုတ်ခဲ့ဘူး
ငါဟာ မင်းရဲ့..ရပ်ဆွေရပ်မျိုး..တစ်ယောက် မဟုတ်ခဲ့ဘူး
မင်း..ခံယူချက်ထဲ စီးဝင်လာတဲ့..ယုံကြည်မှု,
ဘယ်ပုံစံ..နှုန်းထားလဲ…ဘယ်က လာသလဲ။
ဒါပေမယ့် ….
မင်းကိုးကွယ်တဲ့… ဘာသာ..
ငါပြောခဲ့တဲ့ … သဘောတရား..
ခေါင်းတညိတ်ညိတ်နဲ့..
ပြန်မပြော…နားမထောင်…တာတော့
မိတ်ဆွေ တစ်ယောက် မပီသဘူး။
လူတိုင်းကို ကိုယ်လို စိတ်မျိုး ရှိနေမယ်လို့ ထည့်တွက်ထားလို့ မရဘူး။
ဘာကြောင့်လဲ ဆိုတော့ သူရောက်နေတဲ့ နေရာ သူရောက်နေတဲ့ ကာလ
သူ့မှာရှိနေတဲ့ အခက်ခဲတွေက ထပ်တူမညီ ထပ်တူမကျ လို့ပဲ။သမိုင်းဆိုတာ
ကိုယ် အထင်ကြီးလေးစား ကိုးကွယ်တဲ့ အကြောင်း၊ ကိုယ့် ခံယူချက်နဲ့ ဖွဲ့ဆိုထားတဲ့
အကြောင်းအရာတွေပါ။အယူအဆတွေက လူမျိုးချင်းမှာတောင် မတူညီကြဘူး။
လူတော်တော်များများက တစ်ပါးသူရဲ့ ခံစားချက်ကို မမြင်တတ်ကြဘူး။
မိမိရဲ့ လိုချင်တပ်မက်မှုကိုပဲ ရှေ့တန်းတင်တတ်ကြတယ်။
“ငါ ဘယ်တုန်းက ဘယ်သူ့ကို ကူညီခဲ့တာပဲ။
ငါ့ ကျေးဇူးတွေ သူ့မှာ တင်နေတယ်။ငါ့ လို့နှစ်ကြီး တစ်ယောက်အတွက် ဘာကိုမှ
ဂရုစိုက်စရာ မရှိဘူး၊အသာကြီးပဲ”။
အဲဒီလို သေးနုံတဲ့ အမြင်အတွေးက ဘ၀အတွက် ဆုံးရှုံးခြင်း အဟန့်အတား ဖြစ်တာပဲ။
အမှန်တကယ် စာနာလို့ ကူညီလိုက်တာကိုပဲ “အတိတ်က ပြုခဲ့တဲ့ ကုသိုလ်ကံကြောင့် ကောင်းစားနေတာပါ”လို့ ယူဆကြတဲ့ လူတွေရဲ့ သဘော ရှိနေသေးတယ်။
မင်း ဖြန့်မတွေး မိလို့ပါ။လောကနီတိမှာ “ မပြည့်သောအိုးသည် ဘောင်ဘင်ခတ် တတ်၏
ပညာနည်းသော သူသည် ထင်ရှားပြတတ်၏။” တဲ့
မာနဆိုတာ မိမိကိုယ်ကို မိမိ တော်လှတတ်လှ တယ်လို့ အထင်ရှိတဲ့ စိတ်ခံစားမှု တစ်ခုပါ။
မိမိမှာ ပိုက်ဆံမရှိရင် အများကို ဘယ်လို ကျွေးနိုင်မှာလဲ၊မိမိကိုယ်တိုင် တရားမသိရင်
သူတပါးကို ဘယ်လို လမ်းပြမှာလဲ။ မိမိကိုယ်ကို မိမိ ပြည့်ဝနေဖို့ အရင်ဆုံး
ဖန်တီးထားရမယ်။“မြစ်” မဖြစ်ရင်တောင် စမ်းချောင်းလေး တစ်ခုဖြစ်နေရမယ်။
မရောက်တော့မှာထက် စာရင် နောက်ကျမှ ရောက်လဲ မဆိုးပါဘူး။
ခိုင်မြဲနေရမှာက ရောက်အောင်သွားမယ့်စိတ်။
၁၉.၈.၁၀(ကြာသပတေး)
“ကိုဖြိုး….မနက်ဖြန် ရန်ရန် ရက်လည် ဆွမ်းသွပ်ကြမယ်..”။ “သြော်..ကိုမောင်မောင် ဟုတ်။”
“ဒါနဲ့ သူအမှုက ဘယ်လို့နေလဲ” ။“ အင်း…အလောင်းစစ် ဆရာဝန်ပြောတာတော့
ဦးခေါင်းခွံ အက်ကွဲ ဒဏ်ရာနဲ့ သေတာတဲ့၊ သူ့ငယ်သူငယ်ချင်း အမျိုးတွေ မရှိတော့
အမှုလိုက်မဲ့သူမရှိဘူး၊ ဒီက လူတွေကလဲ ပြည်မြို့ကလောက်ပဲ သိကြတာလေ။
လိပ်စာလဲ မသိကြဘူး..သူမိဘတွေလဲ သိပုံ မရပါဘူး။ပြီးတော့ ရွှေအချင်းချင်း ဆိုတော့
အားလုံးက နှုတ်ဆိတ် ငြိမ်နေကြတယ်၊ လိုက်မဲ့သူ မရှိတော့ ရဲက အမှု ပိတ်လိုက်ပြီးတဲ့”
“ဒါပဲ ဟေ့ကောင်ရေ…ငါလဲ အလုပ်ဆင်းချိန်ရောက် နေပြီး ရုန်းလိုက်အုံးမယ်..ဘိုင်”။
“ဟုတ်….ဘိုင် ”။
လေ…ပေါ်နေတဲ့ သတ္တ၀ါ
လေမှာ..ကျက်စားတာ အမြင်မဆန်း..ပါဘူး,
လေ…မှာ သူတို့ရဲ့… ခြေရာ…ရှာမတွေ့တာတော့…ရင်နင့်..မိတယ်။
ရန်ရန်(ခ)ရန်နောင် ကောင်းရာ ဘုံတစ်ခု ရောက်စေလျက်။
ဥက္ကာပျံ(ဘီလူးကျွန်း)

0 Response to "အရည်ကူးခြင်း၏ မိုင်တိုင် အဆုံး"
Post a Comment