Showing posts with label စိတ်အဆာများ။. Show all posts
Showing posts with label စိတ်အဆာများ။. Show all posts

အရည်ကူးခြင်း၏ မိုင်တိုင် အဆုံး


၁၃.၈.၁၀(သောကြာနေ့)


“အဖြစ်အပျက်.. တော်တော်များများဟာ
ရည်ရွယ်ချက်..မရှိ …မရည်ရွယ်ပါပဲ
ဖြစ်ပျက်…သွား..တတ်ကြတယ်၊
အရည်ကို.. လက်နဲ့.. ယက်လှော်
အသူရာနတ်တို့.. အိပ်တန်းဝင်တဲ့.. ကျွန်း..ဆီကို
မင့်ကိုယ်မင်း ဒိုင်ဗင်ထိုးဆင်း
စာရင်းဝင်….. လိုက်ပြီးပေါ့။
”…..
တိုင်ကပ်နာရီက ၉နာရီထိုးဖို့ ၁၀မီနစ်အလို။ဒီအချိန်မျိုးက လူစုံတက်စုံ
ဆိုင်တံခါးရွက် ဆွဲဖွင့်တဲ့ အချိန်မျိုးဖြစ်တယ်။ဆိုင်ထဲက ပါကင်ထိုးထားတဲ့ ကားတွေကို
“၀ူး”ကနဲ့မောင်းထွက်မယ်၊ “ကလဲကလဲ”နဲ့လက်ဆွဲဂျိုင့်ဆွဲထုတ်တဲ့ အသံတွေ
နေ့စဉ်ထုတ် သတင်းစာတွေလုဆွဲဖတ်တဲ့ အချိန်မျိုးပေါ့။ဒါက နိစ္စဓူဝ ပုံမှန် ဖြစ်စဉ်ရယ်ပါ။
ဒီနေ့မှ ဆိုင်းမပါဗုံမဆင့် မိုးဖွဲလေးတွေ သည်းလိုက်လေရယ့်။ကားပြင်တဲ့ လူတွေ အဖို့
မိုးရွာပြီဆို နီးရာခုံဆွဲထိုင် တောင်စဉ်ရေမရ အတွေးနယ်ချဲ့ နေကြလျက်တာချည်းပဲ။
အလုပ်ပါးလွန်း ပါဘိနှယ်။
“အဖြိုး…..အဖြိုး..”
ကိုယ့်အာရုံနဲ့ ကိုယ်မို့ ရုံးစာရေး ခေါ်သံကို လန့်ဖျပ် စိတ်ပျက်သွားတယ်။
“မယ့်ဆီ..ဂေါင်” (ဘာလဲ ..ပြော)……..ဟု ထူးမခြားနား ထူးလိုက်တယ်။
“တယ်လီဖုန်း” လို့ ဖုန်းလာကြောင်း ရုံးစာရေးက ပြောတယ်။
ကျွန်တော်လဲ customer ဖုန်းခေါ်တယ် အထင်နဲ့ “ok ..ok” ဆိုပြီး ရုံးခန်းထဲ ဖုန်းရှိရာ
အပြေးတစ်ပိုင်း ၀င်သွားတယ်။
“ဟလို ကိုဖြိုးလား” “အင်.. ပြောညီ…. ဘာအကူညီ ပေးရမလဲ” ။
“ကိုရန်ရန်… ရှောသွားပြီးဗျ” ။“ဟေ” “မင်းစကားက ဟုတ်ပါ့မလား”
“ဟုတ်တယ် အစ်ကို ၊ဒီမနက် ၄း၀၀နာရီလောက်ကတဲ့၊ သူ့အိမ်မှာပဲ ရှောတာတဲ့
အတိကျတော့မသိဘူး ၊ ခုပဲ ကိုမင်းမင်း ဖုန်းဆက်တယ်။”
“ok ..အခု သူနဲ့ အနီးနားမှာ ရှိတဲ့ အသိ တစ်ယောက်ဆီ ဖုန်းဆက်မေးကြည့်လိုက်မယ်၊
ဒါပဲနော်…ညီ”..။
“ဟာာာာ”…သွားပြီး တစ်ယောက်။ရေထဲက ငါးကို ကုန်းပေါ် ခေါ်တင်ထားသလိုပဲ
ကျွန်တော့် ရင်ဘတ်ကြီး တလှပ်လှပ် တုန်လှုပ်သွားတယ်။


“ဟလို….ကိုမောင်မောင်၊
ရန်ရန် ရှောသွားပြီးဆို ..တကယ်ပဲလား။”
“အေး…ဟုတ်တယ်..။
“ဟုတ်ပါ့မလား…သူက သဘောကောင်းပါတယ်၊စိတ်ဓာတ်လေးလဲ ဒီလောက်ကောင်းတာဗျာ”၊
“အေး..အဲဒါ ဟိုတုန်းက..မင်းနဲ့ စ,သိတုန်းကလေ”။
လွန်ခဲ့တဲ့ ၃နှစ်လောက်က အသားညိုညို ၊ ဥပဓိရုပ် ခပ်ဖြောင့်ဖြောင့်
သြဇာအသံထွက် ကောင်းတဲ့ပုဂ္ဂိုလ်တစ်ယောက်ကို သိကျွမ်းခဲ့ဘူးတယ်။
ပြည်သား ဇာတိက ‘ပြည်မြို့’။အသက် ရှိလှ ၂၈…၂၉ လောက်ပါပဲ။
သူရယ်မောတဲ့ အခါ သူ့ရဲ့မျက်လုံးတွေက ပွင့်လင်းရိုးသားတဲ့ အရောင်လက်တယ်။
စကားပြောနေရင်း ပြုံးတဲ့ သူ့မျက်လုံးက ခင်မင်ရင်းနှီး ချင်စရာ ကောင်းတယ်။
တစ်ခါတစ်ရံ သူရဲ့အပြုံးက မာကျောလွန်းတယ်။လူတွေကို ကူညီတတ်တယ်။
အထူးသဖြင့် အလုပ်လက်မဲ့ “ဂိန်”နေတဲ့ လူတွေကို အလုပ်ရှာပေးတတ်တယ်။
သူ့နယ်(ဒီမလေးရှား) တခွင်မှာ ရန်ရန်ဆို လမ်းတွေ့ လူတိုင်း နှုတ်ဆက် တတ်တယ်။
“အင်….ကိုမောင်မောင် ဘယ်လို ဖြစ်ကျတာလဲ”
“အာ..ဒီကောင်တွေ အိမ်မှာ ညတိုင်း ၀ိုင်းဖွဲ့ ပြီး သောက်စားနေကြတယ်၊
ညက သူတို့ ပုံမှန် အရက်ဝိုင်းဖွဲ့ သောက်စားနေကြတယ်။မနက် ၃နာရီ ကျော်လောက်မှာ
“အုံး..ဒိုင်း”..အသံတွေ ကြားရတယ်တဲ့”။ “ဟုတ်လား..ဘယ်သူတွေ ကြားရတာလဲ”၊
“သူတို့အိမ် အပေါ်ထပ် အခန်းမှာ ငှားနေတဲ့ လင်မယားက။
ဒီကောင်တွေ ညတိုင်း မူးပြီး ဆူညံသောင်းကျန်း နေကျပဲတဲ့.. “ဟေ့ ကောင်ရေ”၊
“ဆိုတော့က လင်မယားနှစ်ယောက်လဲ အောက်ဆင်းမကြည့် ကြတော့ပဲ အခန်းမှာပဲ ဆက်အောင်းနေတော့တယ်။”
“ဘယ်သူ တွေနဲ့ သောက်နေကြတာလဲ” ။ “ကုလားတွေ နဲ့လား”။
“မဟုတ်ဘူး….ခု သူနဲ့ စုပြီး ငှားနေကြတဲ့ သူ့အိမ်က
ကောင်တွေ နဲ့ပဲ။…သူတို့ကို မင်းမသိပါဘူး” ။
“ရန်ရန်က ဘာဖြစ်သွားတာလဲ”
“လေဖြတ် သွားတာလား”။ “ဘယ်ကလာ…မင်းက သူ့ကို အထင်ကြီး လွန်နေပြီး”
“မနက်ပိုင်း အပေါ်က လင်မယား နှစ်ယောက် အလုပ်သွားဖို့ အောက်လှေကား အဆင်း
လှေကားရင်းမှာ ဒီကောင့်ကို ခြုံစောင် တစ်ထည်နဲ့ အုပ်ထားတာ တွေ့လိုက်ရတယ်။
ဘေးနားတစ်ဝှိုက်မှာ သွေးတွေ အိုင်ထွန်းနေတယ်။သောက်ဖော် ရွှေအချင်းချင်း
ရိုက်သတ်သွားတာ” ။
“ဟ…ဒါဆို အသတ်ခံရတာပေါ့..”။
“မင်းကတော့ လုပ်ပြီး…သွေးတွေနဲ့ သေနေပါတယ် ဆိုမှ…ငါက မင်းကို
ဘုရားစူး…အသတ်ခံရပါတယ်လို့ ကျိန်ပြနေရအုံးမလား “လဒ”…ရ ”။



“အမှားကို သိရုံ…နဲ့
အမှား… မထိဘူးလို့ မမြင်စေနဲ့၊
ည…တာရှည်ရင် အိမ်မက်တွေ..များမယ်
အိမ်ရေးဝ…ဖို့ကျ..ကိုယ့်စိတ်ကို..ကိုယ်,
..ချည်တုပ်ထား…ရမှာပဲ။
ကမ္ဘာကြီး…လည်နေသမျှ,
..ပတ်ဝန်းကျင်က..အရောင်ပြောင်းနေမှာပဲ၊
ကိုယ့် ..အရိပ်ကို… ပြန်ခိုနေတဲ့ ..အပင်ကြား
အမေ့ဖ၀ါးနဲ့ ချော့သပ်ဘူးတဲ့…ဦးခေါင်း,
နားအရောင်လိုက်…အသိတရား…ပြောင်း…သွားရတယ်..လို့
“တောက်”…..ပျော့ညံ့..လွန်းတယ်။”

“ဗုဒ္ဓေါ”…
“ကိုမောင်မောင်ခုဖြစ်တာက အပြင်က ရန်ငြိုးကြောင့်လား”။
“မင်းကွာ..ပိန်းပြီးရင် ပိန်းနေတော့တာပါပဲလား။ သူ့အိမ်ခေါ်တင်ထားပြီး
အတူသောက်နေတဲ့ သူ့လူရင်းတွေက သတ်သွားတာလို့ပြောကျတယ်။
ဘယ်တစ်ယောက်လဲတော့ ငါလဲ မသိဘူးကွ”။
အားငယ်တဲ့လူကို အားပေးထိန်းကျောင်းတတ်တဲ့ မင်းရဲ့အကျင့်ကောင်းက အရက်ကျွန် ဖြစ်နေတဲ့ အပေါင်းသင်းကိုမှ အထိန်းကျောင်းမှား မိလေတယ်။
Do not love the unvirtuous too much ၊ Even thought praised highly,
The wicked may act impolitely and boisterously.
စိတ်ထားမကောင်းသူ(သူယုတ်မာ)ကို အချစ်မလွန်ရာ။
ထိုသူတို့သည် ထိပ်ပေါ်တင်ရွက် မြှောက်စား ခံရသော်လည် မချေမငံ ဆူပွတ်ညံ ပြုတတ်၏။
အိမ်ပေါ် ခေါ်တင် ထားရလောက်အောင် မင်းစိတ် မင်းနိုင်လို့လား။
ပင့်ကူတွေဟာ သူတို့ပြုလုပ်ထားတဲ့ ပိုက်ကွန်မှာပဲ အိပ်စက် ကြသလိုမျိုး
အရက်ကျွန်တွေကြားမှာ အရက်နွံ အနစ်ခံ အိပ်စက် ရတယ်လို့ကွာ။
ဒီအဖြစ်ကို ကြားတော့ တော်တော်လေး တုန်လှုပ်သွားတယ်။
ကျီးသဲဆရာတော် ရေးတဲ့ ပေါရာဏိက ကထာကျမ်းထဲ ဖတ်ခဲ့ဘူးတဲ့
သန်းနဲ့ကြမ်းပိုးပုံပြင်ကို ပြေးမြင်မိတယ်။
ရှေးအခါက ကောသလမင်းကြီးရဲ့ ၀တ်လဲတော်မှာ အာသဠလို့ ခေါ်တဲ့
သန်းတစ်ကောင် နေတယ်။အိပ်တဲ့ မွေ့ရာအောက်မှာတော့ စဏ္ဏလို့ခေါ်တဲ့ ကြမ်းပိုးနေတယ်။
တစ်နေ့ ဒီသန်းနဲ့ ကြမ်းပိုးတို့ မွေ့ရာအထက်မှာ တွေ့မြင်ကြတော့ ကြမ်းပိုးကမေးတယ်။
“အဆွေ အာသဠ သင့်ရဲ့ကိုယ်က ၀ါဂွမ်းသားလို ညက်ထွားဖြူစင် ၀လင်လှတယ်။
ဘယ်သူ့အသွေးသား သောက်စားရလို့လဲ” ဟု မေးတော့ သန်းက ဒီလို ဖြေတယ်။
“အဆွေစဏ္ဏ ငါက ကောသလမင်းရဲ့ ကောင်းမွန်နူးညံ့တဲ့ အ၀တ်အတွင်းမှာ တွယ်အောင်းပြီး
သွေးကိုသောက်ရလို့ဝလင်ပါတယ်၊သင်ကတော့“မင်း”ရဲ့ မွေ့ရာနေရပါနဲ့
ပိန်ကပ်ကြုပ်လှီလိုက်တာ၊သွေးစ သားစ မသောက်ရလို့လား”။
ကြမ်းပိုးကလဲ “အဆွေ ငါကိုက်ခဲလိုက်တိုင် ဖမ်းဆီးဖွေရှာလှတာကြောင့် ပြေးရတယ်။
တစ်ခါတစ်ရံ မွေ့ရာအောက် ပုန်းရတယ်။တစ်ခါတစ်ခါ ကြမ်းလွှာကြား ပုန်းရတယ်။
ဒီဒုက္ခကြောင့် မ၀ရေစာ ဖြစ်နေရတယ်။အဆွေ အာသဠ သင်နဲ့အတူ ငါနေပြီး
မင်းကြီးသွေးကို သောက်ပါရစေ” လို့ဆိုတော့ သန်းက..
“အချင်း စဏ္ဏ မင်းကြီးရဲ့ကိုယ်တော်က အသားရေအလွန် မွေ့ညက်တယ်။
ငါတို့က သိမ်သိမ်မွေ့မွေ့ ကိုက်ပြီး သွေးကိုသောက်တာကြောင့် မင်းကြီး မသိ၊
သင်တို့မူက ရုန့်ရင်းစွာ ကိုက်တတ်တာကြောင့် ချက်ချင်း သိပြီး ရှာဖွေလိမ့်မယ်။
ငါနဲ့အတူနေပြီး ကိုက်ရင် မင်းကြီးနိုးပြီးထရှာ လိမ့်မယ်။ငါက အပြေးနှေးတယ်၊အသင်က
အပြေးမြန်လို့ သင်ခဲသော ဒဏ်ကြောင့် ငါအသတ်ခံရမယ်၊ဒါကြောင့် အတူမနေချင်” ဟု
ဆိုတယ်။ ကြမ်းပိုးကလဲ…
“အဆွေ ငါက သင်ကိုက်တဲ့နည်းအတိုင်း ဖြည်းဖြည်းသာသာကိုက်ပါ့မယ်၊ သင်ကိုက်တဲ့ဟန်
နည်းခံရအောင် အတူနေပါရစေ” ဆိုပြီး အ၀တ်တစ်လျှောက် လိုက်တယ်။
သန်းလဲ သူ့ကို သနားတတ်တဲ့ သဘောရှိလို့ လက်ခံလိုက်တယ်။
အတော်ကြာတော့ မင်းကြီး စက်တော်ခေါ်လို့ မပျော်ခင်မှာ ကြမ်းပိုးက ပေါင်တွင်းကို
ဝင်ပြီးခဲ တော့တာပဲ၊ မင်းကြီးလန့်ပြီး ရှာတော့ ကြမ်းပိုးက အပြေးလျင်လို့
ပျောက်သွားတယ်။သန်းကို ဖမ်းမိပြီး မင်းကြီး သတ်ပစ်လိုက်တော့တယ်။
ဒါကိုထောက်ပြီး “လူ့ဘောင်လောကမှာ လူတို့ဟာ အသွင်မတူ၊ အယူအဆ မတူသူ တို့ကို
အကျွမ်းမ၀င်ရာ၊ အတင်းသွပ်တွင်း အပေါင်းအဖက် မပြုရာ ပြုလျှင် ပျက်စီးရ၏”။လို့
စကားပုံစု တစ်ခုကို ဖတ်ဘူးသမျှ ပြန်ပြီးထွက်ကျလာတယ်။
လူ့ပတ်ဝန်းကျင်မှာ မှန်မှန်ကန်ကန်ရှုမြင် တတ်တဲ့ အမြင်မရှိရင်
ဘာလုပ်ရမှန်းမသိပဲ စိတ်ဓာတ်တွေ ပျက်ပြားကျဆင်းသွားတတ်တာပဲ။
အခက်ခဲတွေပြဿနာတွေနဲ့ထူပေါလွန်းတဲ့ လောကကြီးမှာ စိတ်အသိ ကြံ့ခိုင်ခြင်း မရှိရင် စိတ်ဓာတ်ကျစရာချည်းပဲ။
ဒါကိုမှ ထွက်ပေါက်ရှာပြီး အရက်ချည်း ဖိသောက်နေလို့ကတော့ တိုတောင်းပါတယ်
ဆိုတဲ့ လူ့သက်တမ်း ဖယောင်းတိုင်ကို နှစ်ဖက်စလုံး ရှို့သလို သက်ဆိုးဘယ်ရှည်တော့မလဲ။
ပြီးတော့ မူးယစ်စေတတ်တဲ့ ဘယ်အမျိုးအစားကို မဆို အလွန်အကျွံ သုံးစွဲ ခံစားလွန်းတာလဲ
လူရဲ့ အာရုံအသိ သတိတရားကို မေ့လျော့ထုံထိုင်း စေတတ်တာပဲ။ ဒီိလိုမေ့လျော့သူဟာ သူတို့ ဖြစ်ချင်နေတဲ့ ဆန္ဒတွေအတွက် အကြံကောင်းဥာဏ်ကောင်းတွေ ဘယ်လိုလုပ် ထွက်နိုင် တော့မှာလဲ။
အရက်ဆိုတာ ခဏတာ ဇိမ်ခံဖို့လောက်ပဲ အသုံးပြုဖို့ ကောင်းတဲ့ ဇိမ်ခံပစ္စည်း။
အရက် ယစ်မူးနေသူဟာ သူတို့ရဲ့ စိတ်ကို အစိုးမရတဲ့ အဖြစ်ဆီ ရောက်သွားတယ်။
မူးယစ်နေတဲ့ အခါ မဆို သင့်တာတွေ ဆိုရဲ၊ ပြောရဲ နှုတ်မစောင့်မိတော့ဘူး။
အရက်ကို ရေမရော တစ်ချိုက်တည်း မော့သောက်နိုင်တာကိုပဲ လောကကြီးရဲ့
အခမ်းနားဆုံး အမှုကို ပြုနိုင်သူလို့ လွဲမှားတဲ့ မာနတွေ စိမ့်ဝင်လာတော့တယ်။
မပြောသင့် မပြုသင့်တာတွေ ပြုမိပြီး ခိုက်ရန် ဒေါသနဲ့ သတ်ပုတ်တာတွေလဲ ဖြစ်ကုန်တယ်။
အခု မင်းလို ခန္ဓာ အသက်ပါ အဓိပ္ပာယ်မဲ့ ပေးလိုက်ရတဲ့ “ လူတွေ သတ်လို့ လူတွေ သေခြင်းမျိုးပဲ”။


ငါဟာ မင်းရဲ့..စစ်အတွင်းက..သူငယ်ချင်း မဟုတ်ခဲ့ဘူး
ငါဟာ မင်းရဲ့..ကျောင်းနေဖက်..သူငယ်ချင်း မဟုတ်ခဲ့ဘူး
ငါဟာ မင်းရဲ့..ရပ်ဆွေရပ်မျိုး..တစ်ယောက် မဟုတ်ခဲ့ဘူး
မင်း..ခံယူချက်ထဲ စီးဝင်လာတဲ့..ယုံကြည်မှု,
ဘယ်ပုံစံ..နှုန်းထားလဲ…ဘယ်က လာသလဲ။
ဒါပေမယ့် ….
မင်းကိုးကွယ်တဲ့… ဘာသာ..
ငါပြောခဲ့တဲ့ … သဘောတရား..
ခေါင်းတညိတ်ညိတ်နဲ့..
ပြန်မပြော…နားမထောင်…တာတော့
မိတ်ဆွေ တစ်ယောက် မပီသဘူး။

လူတိုင်းကို ကိုယ်လို စိတ်မျိုး ရှိနေမယ်လို့ ထည့်တွက်ထားလို့ မရဘူး။
ဘာကြောင့်လဲ ဆိုတော့ သူရောက်နေတဲ့ နေရာ သူရောက်နေတဲ့ ကာလ
သူ့မှာရှိနေတဲ့ အခက်ခဲတွေက ထပ်တူမညီ ထပ်တူမကျ လို့ပဲ။သမိုင်းဆိုတာ
ကိုယ် အထင်ကြီးလေးစား ကိုးကွယ်တဲ့ အကြောင်း၊ ကိုယ့် ခံယူချက်နဲ့ ဖွဲ့ဆိုထားတဲ့
အကြောင်းအရာတွေပါ။အယူအဆတွေက လူမျိုးချင်းမှာတောင် မတူညီကြဘူး။
လူတော်တော်များများက တစ်ပါးသူရဲ့ ခံစားချက်ကို မမြင်တတ်ကြဘူး။
မိမိရဲ့ လိုချင်တပ်မက်မှုကိုပဲ ရှေ့တန်းတင်တတ်ကြတယ်။
“ငါ ဘယ်တုန်းက ဘယ်သူ့ကို ကူညီခဲ့တာပဲ။
ငါ့ ကျေးဇူးတွေ သူ့မှာ တင်နေတယ်။ငါ့ လို့နှစ်ကြီး တစ်ယောက်အတွက် ဘာကိုမှ
ဂရုစိုက်စရာ မရှိဘူး၊အသာကြီးပဲ”။
အဲဒီလို သေးနုံတဲ့ အမြင်အတွေးက ဘ၀အတွက် ဆုံးရှုံးခြင်း အဟန့်အတား ဖြစ်တာပဲ။
အမှန်တကယ် စာနာလို့ ကူညီလိုက်တာကိုပဲ “အတိတ်က ပြုခဲ့တဲ့ ကုသိုလ်ကံကြောင့် ကောင်းစားနေတာပါ”လို့ ယူဆကြတဲ့ လူတွေရဲ့ သဘော ရှိနေသေးတယ်။
မင်း ဖြန့်မတွေး မိလို့ပါ။လောကနီတိမှာ “ မပြည့်သောအိုးသည် ဘောင်ဘင်ခတ် တတ်၏
ပညာနည်းသော သူသည် ထင်ရှားပြတတ်၏။” တဲ့
မာနဆိုတာ မိမိကိုယ်ကို မိမိ တော်လှတတ်လှ တယ်လို့ အထင်ရှိတဲ့ စိတ်ခံစားမှု တစ်ခုပါ။
မိမိမှာ ပိုက်ဆံမရှိရင် အများကို ဘယ်လို ကျွေးနိုင်မှာလဲ၊မိမိကိုယ်တိုင် တရားမသိရင်
သူတပါးကို ဘယ်လို လမ်းပြမှာလဲ။ မိမိကိုယ်ကို မိမိ ပြည့်ဝနေဖို့ အရင်ဆုံး
ဖန်တီးထားရမယ်။“မြစ်” မဖြစ်ရင်တောင် စမ်းချောင်းလေး တစ်ခုဖြစ်နေရမယ်။
မရောက်တော့မှာထက် စာရင် နောက်ကျမှ ရောက်လဲ မဆိုးပါဘူး။
ခိုင်မြဲနေရမှာက ရောက်အောင်သွားမယ့်စိတ်။


၁၉.၈.၁၀(ကြာသပတေး)
“ကိုဖြိုး….မနက်ဖြန် ရန်ရန် ရက်လည် ဆွမ်းသွပ်ကြမယ်..”။ “သြော်..ကိုမောင်မောင် ဟုတ်။”
“ဒါနဲ့ သူအမှုက ဘယ်လို့နေလဲ” ။“ အင်း…အလောင်းစစ် ဆရာဝန်ပြောတာတော့
ဦးခေါင်းခွံ အက်ကွဲ ဒဏ်ရာနဲ့ သေတာတဲ့၊ သူ့ငယ်သူငယ်ချင်း အမျိုးတွေ မရှိတော့
အမှုလိုက်မဲ့သူမရှိဘူး၊ ဒီက လူတွေကလဲ ပြည်မြို့ကလောက်ပဲ သိကြတာလေ။
လိပ်စာလဲ မသိကြဘူး..သူမိဘတွေလဲ သိပုံ မရပါဘူး။ပြီးတော့ ရွှေအချင်းချင်း ဆိုတော့
အားလုံးက နှုတ်ဆိတ် ငြိမ်နေကြတယ်၊ လိုက်မဲ့သူ မရှိတော့ ရဲက အမှု ပိတ်လိုက်ပြီးတဲ့”
“ဒါပဲ ဟေ့ကောင်ရေ…ငါလဲ အလုပ်ဆင်းချိန်ရောက် နေပြီး ရုန်းလိုက်အုံးမယ်..ဘိုင်”။
“ဟုတ်….ဘိုင် ”။

လေ…ပေါ်နေတဲ့ သတ္တ၀ါ
လေမှာ..ကျက်စားတာ အမြင်မဆန်း..ပါဘူး,
လေ…မှာ သူတို့ရဲ့… ခြေရာ…ရှာမတွေ့တာတော့…ရင်နင့်..မိတယ်။


ရန်ရန်(ခ)ရန်နောင် ကောင်းရာ ဘုံတစ်ခု ရောက်စေလျက်။
ဥက္ကာပျံ(ဘီလူးကျွန်း)

ရာဇာဓိရာဇ်(၇၄၅..၇၈၂....ဟံသာဝတီပြည့်ရှင်)


မဂဒူး မင်းဆက်မှ (၉) ဆက်မြောက်မင်း ဖြစ်သည့် ရာဇာဓိရာဇ် သည်
မြန်မာသက္ကရာဇ် ၇၄၅ မှ ၇၈၂ ထိ ဟံသာဝတီ(ပဲခူး)ကိုဗဟိုပြုကာ
မွန်သုံးရပ်(ခေါ်) ရာမညဒေသ (ယနေ့အောက်မြန်မာပြည်ဒေသ)ကို အုပ်စိုးခဲ့သည့်
လက်ရုံးရည်နှလုံးရည်နှင့် အလွန်ထင်ရှားသော မွန်ဘုရင်တစ်ပါးဖြစ်သည်။
ဖခမည်းတော်မှာ ဗညားဦး ဖြစ်သည်။

ရာဇာဓိရာဇ်သည် သူရဲကောင်းများကို တန်းတူရည်တူဆက်ဆံကာ
ချစ်မြတ်နိုးသော စစ်ဘုရင်တစ်ပါးလည်းဖြစ်သည်။
ရာဇာဓိရာဇ် လက်ထက်တွင်ထင်ရှားသော မွန်သူရဲကောင်းမြောက်မြားစွာ ပေါ်ထွန်းခဲ့သည်။
ဘုရင့်နောင်လက်ထက်မွန်ဝန်ကြီးဗညားဒလရေးသားခဲ့သော
ရာဇာဓိရာဇ်အရေးတော်ပုံကျမ်းသည်လည်းကောင်း၊

ဒေါက်တာနိုင်ပန်းလှ ရေးသည့် ရာဇာဓိရာဇ်အရေးတော်ပုံကျမ်းသည်လည်းကောင်း
ထင်ရှားသော ကျမ်းများဖြစ်သည်။

အင်းဝ-ဟံသာဝတီအနှစ်လေးဆယ်စစ်၏အထိကရစစ်ဘုရင်တစ်ပါးဟုဆိုလျင်လည်းမမှားပေ။
ငယ်စဉ်ကလေးဘ၀မှစ၍နတ်ရွာစံကံတော်ကုန်သည့်အချိန်ထိစစ်ပွဲ၊တိုက်ပွဲများနှင့် မကင်းခဲ့ချေ။
ရာဇာဓိရာဇ်သည် အလွန်ဘုန်းတန်ခိုးကြီးသော မင်းဖြစ်သည်။
ဗေဒင်ယတြာ၊ အင်းအိုင်လက်ဖွဲ့တို့ကို အလွန်ဝါသနာထုံပြီး စစ်ချီလေတိုင်း
ထိုအစီအရင်တို့ကို သုံးစွဲကာ
တပ်သားသူရဲတို့ စိတ်ဓါတ်တက်ကြွစေရန် ပြုလေ့ရှိသည်။
ဟံသာမင်း၊ဗညားသစ်တသုံ၊သီဟရာဇာမင်းအစရှိသဖြင့်လည်း သမိုင်းများတွင်ဆိုကြသည်။
ရွှေတိဂုံစေတီတော် မွန်ကျောက်စာတွင် သုတသောမရာဇာဓိရာတ် ဟုဖော်ပြထားသည်။
အသက် ၁၆ နှစ်အရွယ်မှစ ကာ ဟံသာဝတီထီးနန်းကို စိုးစံပြီး
ခမည်းတော်ဗညားဦး လက်ထက်က အစပြုသည့်ပုန်ကန်မှုများကို
နှိမ်နှင်းအောင်မြင်သည်။
နောင်သမိုင်းတွင်သည့် အင်းဝဟံသာဝတီ် အနှစ်၄၀ စစ်ကိုခင်းသည်။

ထင်ရှားသည့်မှူးမတ်များမှာ မင်းကံစီ၊သမိန်ဗြာဇ္ဇ၊အမတ်ဒိန်၊အဲမွန်ဒယာ၊အဲကောင်ဗိန်၊
စောလဂွန်းအိန်(မသံလုံ)၊ ဥပါကောင်း(ရာဇာဓိရာဇ်၏သားမက်ဖြစ်)၊
သမိန်ဗရမ်း(ရာဇာဓိရာဇ်၏သားမက်ဖြစ်၊ အင်းဝသို့အဖမ်းခံရပြီး.တရုတ်သူရဲကောင်းဂါမဏိနှင့်
စီးချင်းထိုးကာအနိုင်ရသူ)၊
နောင်တွင်ဟံသာဝတီသို့ပြန်လာ။)
သမိန်အ၀နံနိုင်(သမိန်အင်းဝမင်းကြီး၊သမိန်အ၀နိုင်ဟုလည်းဆိုကြသည်။)၊
သမိန်ရဲသင်ရံ၊မသန်း(ရဟန်းလူထွက်ဖြစ်၊လဂွန်းအိန်သေပြီးနောက် ထွက်ပေါ်လာသည့် လူစွမ်းကောင်း။)
တို့ ဖြစ်ကြသည်။

်
myanmar wikipedia မှ

ခင်ပွန်းကြီး(၁၀)ပါး ကန်တော့ပန်ခြင်း


ခင်ပွန်းကြီး (၁၀) ပါး

၁။ ဘုရား
၂။ ပစ္စေကဗုဒ္ဒါ
၃။ ရဟန္တာ
၎။ အဂ္ဂသာဝက
၅။ မိခင်
၆။ ဖခင်
၇။ ပညာသင်ဆရာ
၈။ လောကနီတိ ပညာသင်ဆရာ (သီလဂုဏ်၊ သမာဓီဂုဏ်၊ပညာဂုဏ် တို့ရှိကြကုန်သော ရဟန်းပုဂ္ဂိုလ်၊လူပုဂ္ဂိုလ်)
၉။ ဓမ္မကထိက (ဓမ္မရေးရာသင်)ဆရာ
၁၀။ ကျေးဇူးပြု အကူအညီပေးဖူးသူ( မိမိ အပေါ် အကူအညီ အထောက်အပံ့ ပေးကမ်းချီးမြင့်ဖူးသောကျေးဇူးရှင်)

ခင်ပွန်းကြီး (၁၀)ပါး ဘုရားရရှိခိုး

ဗုဒ္ဒေါ ပစ္စေကဗုဒ္ဒါ စ၊
အရဟာ အဂ္ဂသာဝကာ
မာတာပိတု ဂုရု သတ္ထာ
ဓမ္မဒေသကာ စ ဒါယကာ
က္ကုမေ ဒသ မဟာရုဏေ
အဟံ သန္ဒာမိ သဗ္ဒဒါ

ဗုဒ္ဒါ စ ၊ သစ္စာလေးပါး တရားသီမြင် ဘုရား ရှင်ကိုယ်တော်မြတ်ကြီးတို့ သည် လည်းကောင်း။
ပစ္စေကဗုဒ္ဒါ စ ၊ ကိုယ်တိုင်သစ္စာ သိပြီးပါလည်း ဟောကာမပြ သီးခြားရသော ပစ္စေကဗုဒ္ဒါ တို့ သည် လည်းကောင်း။
အရဟာ စ ၊ အာသဝေါကုန်ခန်း ရဟန္တာ အရှင်လည်းကောင်း၊
အဂ္ဂ သာဝကာ စ ၊ လက်ဝဲ လက်ယာ ခြံရံကာ ဖြင့် ပညာတန်ခိုး စိုးမိုးထက်လှ အဂ္ဂသာဝကတို့ လည်းကောင်း။
မာတာ စ၊ ကိုးလလွယ် ရ ဆယ်လဖွားကာ အစာဆိမ့်အေး နို့ချိုပေး၍ မွေးသည့်မိခင် ကျေးဇူးရှင်လည်းကောင်း ၊
ပိတု စ ၊ လူလားမြောက်အောင် လုပ်ဆောင်ကျွေးမွေး ပညာပေးသည့် ဖခင် ကျေးဇူးရှင်လည်းကောင်း ။
ဂုရု စ ၊ ချမ်းသားရန်တွေး ပညာပေးသဖြင့် အလေးအမြတ် ပြုအပ်သော ဆရာလည်းကောင်း။
သတ္တာ စ ၊ လိမ္မာစေကြ ကျိုးကြောင်း ပြလျှက် ဆုံးမပေးတတ် ဆရာမြတ်လည်းကောင်း။
ဓမ္မ ဒေသကာ စ၊ သံသရာစခန်း သွားရာလမ်း ၌ ပင်ပန်းကင်းရန် ရည်သန်ညွှန်ကြား မမှောက်မှားရအောင် တရားဟောဖော် မြတ်သူတော်လည်းကောင်း ။
ဒါယကာ စ ၊ စားရေး နေရေး မနှောင့်နှေးရအောင် ပေးကမ်း တတ်သောတို့ လည်းကောင်း ။
က္ကုမေ ဒသ မဟာဂုဏေ ၊ ကျေးဇူးစုပုံ ဆပ်မကုန်သည့် ဂုဏ်အင်မြင့်ကျူး ဤ ဆယ်ဦး သော သူတို့ကို
အဟံ အကျွနုပ်သည် ၊ ၀န္ဒာမိ ၊ ကျေးဇူးယှက်မြှေး စိမ့်စိမ့် တွေးလျက် မြတ်လေးကြည်ယုံ သဓ္ဒါ ဟုန်ဖြင့်
လက်စုံချီမိုး ပျပ်ဝပ်လျှိုး ၍ ရှိခိုးပါ၏ အရှင်ဘုရား။

ခင်ပွန်းကြီး(၁၀) ပါးအား ပူဇော်ခြင်း အကျိုး (၁၀)ပါး၊

၁။ အစားအစာ မရှားပါခြင်း။
၂။ ရောက်ရာ အရပ်၌ လေးစားပူဇော်ခံရခြင်း။
၃။ ရန်သူမျိုါ်ငါးပါးနဲ့ ကင်းဝေးနိုင်ခြင်း။
၎။ လူချစ်လူခင်ပေါများခြင်း။
၅။ ပရိတ်သတ်အလပ်၌ တင့်တယ်စွာနေနိုင်ခြင်း။
၆။ ကောင်းသတင်းဂုဏ် ကျော်ဇောခြင်း။
၇။ အခြွေအရံများခြင်း။
၈။ စီးပွားဥစ္စာ ဖွံ့ဖြိုးတိုးတက်ခြင်း။
၉။ ဘေးဒုက္ခကြုံသော် အကူအညီရရှိခြင်း။
၁၀။ သားကောင်း သမီးကောင်း ရရှိနိုင်ခြင်း။

ခင်ပွန်းကြီး(၁၀)ပါးအား ပြစ်မှားသူတို့ ကြုံရမည့် ဒဏ် (၁၀)ပါး

၁။ ပြင်းထန်သော ဦးခေါင်းနာ စသည့် ဝေဒနာ ဖြစ်ခြင်း
၂။ ပိုင်ဆိုင်သော ဥစ္စာပစ္စည်းများ ဆုတ်ယုတ်ပျက်စီးခြင်း။
၃။ လက်ခြေပြတ်ခြင်း ကိုယ်အင်္ဂါ ပျက်စီးခြင်း။
၎။ ကုသ၍ မရနိုင်သော ကြီးလေးသည့် ရောဂါ များဖြစ်ခြင်း။
၅။ ရူးသွပ်ခြင်း စိတ်မတည်မငြိမ်ဖြစ်ခြင်း။
၆။ မင်းပြစ် မင်းဒဏ် ခံရခြင်း။
၇။ မတရားသဖြင့် စွပ်စွဲခံရခြင်း။
၈။ ဆွေမျိုးကောင်း၊ မိတ်ဆွေကောင်း မရရှိခြင်း။
၉။ စည်းစိမ်ဥစ္စာ အခြွေအရံများ ပျက်စီးခြင်း။
၁၀။ နေရာ၊ တိုက်၊ အိမ် မီးလောင် ပျက်စီးခြင်း။
( ပစ္စုတ်ပန်ဘ၀၌ ထိုဒဏ် (၁၀)ပါး သင့်မည့် အပြင် သေလွန်
သော အခါ၌ လည်း အပါယ် ငရဲ သို့ ကျရောက်နိုင်ပါသည်။)

ပညာ့ အလင်းပြ စာအုပ်မှ ကူးယူဖော်ပြပါသည်။

computer စွန့်ဦးတီထွင်သူ ဘီလ်ဂိတ်(BILL GATE)ပြောတဲ့ ဘ၀(၁၁)ခု


ဘီလ်ကိတ်ပြောတဲ့ ဘဝ(၁၁)ခုဘွဲ့နှင်းသဘင်တစ်ခုမှာ ဘွဲ့ရကျောင်းသားတွေအတွက် ဘီလ်ကိတ်ကဒီလိုအကြံဥာဏ်ပေး ဟောပြောခဲ့ပါတယ်။
၁) လူ့ဘဝက မမျှတဘူး။ ဒါကို လက်ခံနိုင်အောင် ကြိုးစားပါ။
၂) ဒီလောကက ကိုယ့်လေးစားကြည်ညိုမှုကို အသိအမှတ်ပြုမှာ မဟုတ်ဘူး။
အကျိုးသက်ရောက်မှုကို အရင်လုပ် ပြီးမှ ကိုယ့်ရဲ့ခံစားချက်ကို ဆန်းစစ်ဖို့လောကကြီးက ပိုမျှော်လင့်တယ်။
၃) ကျောင်းကနေခွါတာနဲ့ လခကောင်းမရနိုင်ဘူး။ ချက်ချင်းဟမ်းဖုန်းချိတ်ထားတဲ့ ကွပ်ကဲသူ မဖြစ်နိုင်ဘူး။ နှစ်ခုစလုံးအတွက်ကြိုးပမ်းအားထုတ်မှ ရနိုင်တယ်။
၎) ကျောင်းက ဆရာတွေကို ဆိုးတယ်လို့ ခင်ဗျားတို့ထင်ခဲ့ရင်
တစ်နေ့ခင်ဗျားတို့ ကုမ္ပဏီသူဌေးတွေ ဖြစ်လာတဲ့အချိန်ကျရင် သိလိမ့်မယ်။
သူဌေးတွေက အလုပ်ကို အကြွေးမထားဘူး။
၅) ဟမ်ဘာဂါဆိုင်မှာ အလုပ်လုပ်လို့ ကိုယ့်ကို အသုံးမကျဘူးလို့ မထင်နဲ့။
ခင်ဗျား ဘိုးဘွားတွေက ဟမ်ဘာဂါအလုပ်အတွက် အဓိပ္ပါယ်တစ်ခု ဖွင့်လိုက်မယ်။အဲဒါက "အခွင့်အရေး" တဲ့။
၆) ခင်ဗျား ဘာမှဖြစ်မလာတာ ခင်ဗျားမိဘတွေရဲ့ အမှားမဟုတ်ဘူး။
ဒါကြောင့်ကိုယ်လုပ်တဲ့ အမှားအတွက် ဒေါသထွက်မနေနဲ့။ အမှားထဲက သင်ယူပါ။
၇) ခင်ဗျားမမွေးဖွားခင် ခင်ဗျားမိဘတွေက အခုလိုထိုင်းမှိုင်းနေတာ မဟုတ်ဘူး။
သူတို့ အခုလို ထိုင်းမှိုင်းရတာက ခင်ဗျားအသုံးစရိတ်အတွက် ရှာနေလို့။
ခင်ဗျားရဲ့ အဝတ်တွေ လျှော်ရလို့၊ ကိုယ့်ကိုယ်ကိုတော်ကြောင်း အပြောကြီးတဲ့
့ခင်ဗျားရဲ့စကားကို နားထောင်နေရလို့ဖြစ်တယ်။
ဒါကြောင့်ခင်ဗျားမိဘတို့ခေတ်က ဖျက်ဆီးခဲ့တဲ့ အပူပိုင်းဇုံသစ်တောကို ခင်ဗျားပြုပြင်ကယ်တင်ဖို့ မကြိုးစားခင် ခင်ဗျားရဲ့ အိပ်ရာကိုအရင်သန့်ရှင်းလိုက်ပါ။
၈) ကျောင်းမှာ နိုင်သူနဲ့ ရှုံးသူဆိုတာရှိတယ်။ ဘဝမှာ မရှိဘူး။
ကျောင်းကခင်ဗျားကို အခွင့်အရေး မပြတ်ပေးပြီး အဖြေမှန်ရဖို့ ရှာခိုင်းလိမ့်မယ်။
တကယ့်လက်တွေ့ဘဝမှာတော့ ဒီလိုမရှိဘူး။
၉) တီဗွီထဲ သရုပ်ဆောင်တာတွေက တကယ့်ဘဝတွေ မဟုတ်ဘူး။
တကယ့်ဘဝက လူတိုင်းကော်ဖီဆိုင်ကို ကျောခိုင်းပြီး အလုပ်ထဲ ဝင်ရတာချည်းပဲ။
၁ဝ) စာဂျပိုးတွေကို တလေးတစား ဆက်ဆံပါ။ တစ်ချိန်ချိန် သူတို့ထဲကတစ်ယောက်ဆီမှာ ခင်ဗျား အလုပ်လုပ်ဖြစ်လိမ့်မယ်။
၁၁) လူ့ဘဝမှာ သင်ကြားချိန်ကာလ မသတ်မှတ်ဘူး။ ပိတ်ရက်မရှိဘူး။
ဘယ်အလုပ်ရှင်ကမှ ခင်ဗျားလုပ်ချင်တာကို ညှိနှိုင်းပေးမှာမဟုတ်ဘူး။
ဒါကြောင့် ကိုယ့်အားလပ်ချိန်ကို အသုံးပြုပါ။

လူတူ သစ်ပင်


လူတိုင်းလူတိုင်း ကြောက်စိတ်ရွံစိတ်လေးတော့ ကိန်းဝယ်နေကြမှာ ပါပဲ။လူအမျိုးမျိုး စိတ်အထွေထွေ မိတစ်ထောင်ကဖွား မတစ်ထောင်သားတွေ ဆိုတော့လဲ အခန်းအကန့် တော့ ဘယ်တူကြပါ့မလဲနော့်။ဇာချဲ့ ပြီး ခိုင်းနှိုင်းဖွဲ့ ဆို ပြနေလို့ လဲ ထပ်တူကျနိုင်မှာ မဟုတ်ပါဘူး။ကျွန်တော်ကတော့ သင်္ဘောသားဖြစ်သွားရမှာ အသေကြောက်တယ်။သင်္ဘောသားဆိုလို့  လူ့ အကျိုးပြု ကုန်သွယ်ကူးသန်း လူနေမှုအဆင့်တန်းဖွံ့ ဖြိုးအောင် ပံ့ပိုးနေကြ တဲ့ မစ္စတာကပ္ပတိန်တွေကို မဆိုလို ပါဘူး။မစော်ကားရဲပါဘူးဗျာ။တစ်ခါတစ်လေတော့လဲ ကိုယ့်အယူအဆ မှန်နေတိုင်း ပြောချင်ရာစွတ်ပြောမိလို့ တစ်ပါးသူကို ထိခိုက်နာကျင်ခံခက်စေတယ် မဟုတ်လား။
ကျွန်တော့်အသိ အစ်ကိုကိုမောင်မောင် တစ်ယောက်ရှိတယ်။မှောင်ခိုခေတ် ကာလလေး ကပေါ့။ကြီးပွားချမ်းသားရမယ်ဆိုတဲ့ လူငယ်တစ်ယောက်ရဲ့ စိတ်နောက်ကိုယ်ပါ ခံယူချက်နဲ့  မြို့ ပေါ်တက် အဆောင်ငှားနေပြီး ကုန်ကယ်ရီသယ်ပို့ ခဲ့တယ်။အဆောင်ဆိုတော့ ဘာသာအမျိုးမျိုး လူမျိုးပေါင်းစုံ နေကြတာပေါ့။ကယ်ရီအလုပ်မပေါ်တဲ့ နေ့ တွေဆို အဆောင်ရှေ့ ဗန်ဒါပင်ကြီးအရိပ်အောက်က သစ်သားကွပ်ပျစ်အပေါ်ကွမ်းစားဆေးသောက် သတင်းတွေရော အတင်းတွေပြော လူစုံအရောင်စုံလို့ ဆိုပဲ။
အဲဒီစကားဝိုင်းမှာ မကြာခင်ကမှ ခရစ်ယာန်ဘာသာဆီ ကူးပြောင်းသွားတဲ့ ကိုကွန်းကလေးဆိုသူ ပုဂ္ဂိုလ်လဲ သူ့ ဘာသာအကြောင်း အော်ကျယ်ကျယ်လေး ပြန့် လွင့်လို့ ဆိုပဲ။လူကြီးပိုင်းတွေကတော့ ဘာသာရေးအတိုက်ခံ မဖြစ်ချင်ကြပုံရပါတယ် ခပ်မဆိတ်လေး သက်ငြိမ်လို့ ။တစ်နေ့ တစ်နေ့  သူ့ ဘာသာဘယ်သို့ ညာ ကောင်းပုံကောင်းကွက်ကိုချည်း ဆွေးနွေးအော်ချက်လုပ်နေတာကို အသိကိုမောင်မောင် နားညိမခံနိင်တော့ဘူးတဲ့။တစ်ရက်တော့ ဘေးအခန်းက ဆယ်ကျော်သက်မလေးတွေကို သူ့ ဘုရားကျောင်းတက်ရင် ပျော်စရကောင်းပုံ သူ့ ဘာသာထဲ ဝင်ရောက်ရန် ကရားရည်လွတ် ဆွယ်တရားဟော နေတာကို ကြားရတဲ့ ကိုမောင်မောင် ဒီလူ့ ကို ငါချွတ်မှ ဆိုပြီး(ခွီး..ခွီး.ဆရာကြီးလေသံနဲ့  နည်းနည်းများ ပိုပြီးထင်)''
ဟေ့လူ ကိုကွန်းကလေး ခင်ဗျားက ခရစ်ယာန်ဘာသာပဲ အကောင်းဆုံးဖြစ်ပြောနေလှချေလား။
ခင်ဗျားမိဘက ဘယ်ဘာသာကို ကိုးကွယ်တာလဲ။ခင်ဗျားရော ဒီဘာသာဆီ ဘယ်တုန်းကစဝင်သွားတာလဲ။“ကိုကွန်းကလေးဆိုတဲ့ ပုဂ္ဂိုလ်က မျက်လုံးလေး ဝဲတည်ဝဲတည်နဲ့ 
“ဒါကျုပ်ရဲ့  မွေးရာပါ ပါရမီလို လေးလေးနက်နက် သက်ဝင်ယုံကြည်ထားတယ်။ဒါဆို ကျုပ်မေးတဲ့ မေးခွန်းတစ်ခုသာ ဖြေပေးနိုင်ခဲ့ ရင် အရမ်းကောင်းနေပါတယ်ဆိုတဲ့ ခင်ဗျား ဘာသာထဲ
ကျုပ်ရာသက်ပန် ဝင်လိုက်မယ်။“စာအုပ်စုံ ဖတ်လေ့ရှိတဲ့ ကိုမောင်မောင့် စိတ်တွေ အထွတ်ရောက် သွားတယ်။“ဟ.. ရတာပေါ့။ကြောင်ပုစွန်စား ကျွတ်ကျွတ်ဝါး သို့ ''ဆိုသလို ကျမ်းစာ တစ်အုပ်လုံး ကျေပြီးသား..မေးစမ်း။အေးမေးမယ်.. ခင်ဗျားတို့  ယေရှူခရစ်တော် ....၁၃နှစ်.......၃၀......?။အာ...ဒါတော့ ကျုပ်မဖြေတတ်ဘူး။(ဘာသာရေး အနိုင်ရလိုမှု ဖြစ်နိုင်သဖြင့် ကိုမောင်မောင် မေးခွန်းကို မရေးတော့ ပါ။)ဘုရားကျောင်း လိုက်ခဲ့လေ ကျုပ်father ဖြေနိုင်လိမ့်မယ်။''ပုပ်ရဟန်းကြီးနဲ့ သွားတွေ့ မယ်တဲ့။ကိုမောင်မောင် ကောင်မလေးတွေ ရှေ့ မို့  နေလို့ မရတော့။အို... ငါမေးတာက အမှန်ဖြစ်ရပ်တွေပဲ ဘာမှကြောက်စရာမလိုဘူး လို့ တွေးပြီ “လာ..အခု သွားကြသာပေါ့''ဆိုတယ်။

“လာကြ...သားတို့  နေပူကြီးထဲက နေလာကြကုန်တာပဲ..ထိုင်ကြ ထိုင်ကြ။ဇီးဖျော်ရည်လေးလဲ သောက်လိုက်ကြအုံးကွယ့်''။fatherကြီးက သိမ်မွေ့ လှတဲ့ အပြုံးနဲ့ ဆီးကြိုနေသလောက် အားကိုးရှိတဲ့ ကိုကွန်းကလေးရဲ့  မျက်နှာက စစ်နိုင် ဘုရင်တစ်ပါး မျက်နှာပေါက်နဲ့ “father ဒီလူမေးတဲ့ မေးခွန်းကို ဖြေပေးနိုင်ရင်း ဒီဘာသာဝင် အဖြစ် ခံယူပါ့ မယ်တဲ့။သူနားလည် ကင်းရှင်းအောင်သာ ဖြေကြားပေးလိုက်ပါဗျာ''။အင်း ဘာမရှင်းတာတွေ မေးကြမှာတုန်း?။ဒီလိုပါ father ခရစ်တော် မပေါ်ခင် သခင်ယေရှူ အသက် ၁၃နှစ်......၃၀ကြား...?။ကိုမောင်မောင်ရဲ့  အမေးလေးက လူငယ်တစ်ယောက်လို ပြတ်သားလှပါတယ်။
''သားတို့  ကောက်ညှင်းကျည်တောက်နဲ့ ငါးခြောက်ဆီဆမ်းလဲ စားကြအုံး''ဆိုပြီး ထိုမေးခွန်းကို အဖြူ အမည်း မပြောပဲ စကားလမ်းလွဲ လိုက်ပါတယ်တဲ့။အနိုင်လို ချင်နေတဲ့ ကိုကွန်းကလေး မခံမရပ်ပဲ ''father သူ့ မေးခွန်းကို ဖြေပေးပါအုံး။မေးခွန်းက တိုပေမယ့် ရှင်းရမှာ ရှည်လှတယ်။ သူသိပြီးဒါ ဖြစ်မှာပါ လို့  father ကပြန်ဖြေပြီး သားမောင်မောင် အားတဲ့တစ်ရက် ကျောင်းလာခဲ့အုံး father ဝတ်ပြုလိုက်အုံးမယ်''ဆိုပြီး နှုတ်ဆက်သွားတယ်။ဒီနောက် ငါလဲ မသွားဖြစ်တော့ပါဘူးကွာ။father ကို မျက်နှာပူလို့ သွားလဲ မသွားချင်တော့ပါဘူး။ကွန်းကလေးကို နှက်ချင်လို့ သာ ငါfather နဲ့ သွားတွေ့ တာ စော်ကားလိုတဲ့ စိတ် မထား ထားတာတော့ အမှန်ပါညီ။သူတော်ကောင်းကို စော်ကားမိစေသလားကွာ။သူတပါးကို မထိခိုက် စိတ်ထားစင်စင်ကြယ်ကြယ် ကျင့်ကြံ နေထိုင်နေတဲ့ ပုဂ္ဂိုလ်ဟာ သူတော်ကောင်းပါပဲလေ။ကိုဖြိုး ဘယ်ဘာသာပဲ ဖြစ်ဖြစ် စိတ်ကောင်း မထားတတ်ရင် အလကားပဲ မဟုတ်လား။စိတ်ကောင်းရှိတဲ့ father မို့ ပေါ့ အခြားသူဆို မောင်းထုတ်ခံလိုက်ရပြီး။မစော်ကားပေမယ့် ကျောင်းပေါ်တက် ပျော့ကွက်နင်းလိုက်တာကိုး။
''တော်ပါပြီး ..တစ်ခါဆို ဆိုသလောက် မှတ်သားလိုက်ပြီး။နောက်ဆို ဘာဖြစ်ဖြစ် သည်းခံလိုက်အောင် ကြိုးစားတော့မယ်။လောကကြီးက သူ့ အတိုင်း သွားနေတာပါပဲ။မှန်နေပေမယ့် အကျိုးမရှိတဲ့ အလုပ် မလုပ်မိပါစေနဲ့ ညီ။အကျိုးမရှိတာ မတွေးမိစေနဲ့ နော်။သဘာဝမကျ တာတွေ တွေ့ မယ်မြင်မယ် ဆိုလဲ ငါ့လို ဝင်မတိုးမိ ပါစေနဲ့ ကွာ''တဲ့ ။
ဟုတ်ပါ့ ကိုမောင်မောင် ရေ.....ကျွန်တော့်သူငယ်ချင်းတစ်ယောက်ဆို ကျွန်တော့်ထက် စာဖတ်အား ကောင်းပြီး အတွေးအခေါ်လဲ ကောင်းလှတယ်။လေးစားလောက်ပေမယ့်လို့ တစ်ခါတစ်ခါ တစ်ဖက်စွန်းရောက်လွန်းတယ်။သူကျွန်တော့်ကို ဆွေးနွေးဘူးတယ် သိလား။မိဘတိုင်းက သားသမီးကို ချစ်ကြတာ မဟုတ်ပါဘူး.. တို့ သားသမီးကလဲ မိဘကို ချစ်ကြတာပါပဲ။ဒီစကားကို ကျွန်တော် လက်ခံပါတယ်..ဒါပေမယ့် သူ့ ဒဿနတွေက ဆွေးနွေးရင်း တဖြည်းဖြည်း လမ်းလွဲလာတော့တယ်။
ကိုဖြိုး မင်းစဉ်းစားကြည့် ပါ...''သားအဖ နှစ်ယောက် လှေကားထောင်ပြီး သံရိုက်တယ်ဆိုပါစို့ ..အဖေက လှေကားပေါ်မှာ တူလေးကိုင် သံတက်ရိုက်မယ်။သားက လှေကားရင်းမှာ လှေကားငြိမ်အောင် ထိန်းရင်းနဲ့ အရိုးကျွတ်ထွက်လာတဲ့ သံရိုက်မယ့်တူ သားခေါင်းအပေါ်ကျလာတော့ ။အဖေက ပြေးဆင်းလာပြီး ဖွ..ဖွ.. ဥုံဖွ... မနာပါဘူး သားရယ်..ဥုံဖွ..ဥုံဖွ ပေါ့ ။အဲ..သားက အပေါ်သံတက်ရိုက် အဖေက လှေကားရင်း နေရင်း တူကျွတ်ကျလာရင်တော့ မင်းသိပါတယ် ဘာဖြစ်မလဲ ဆိုတာ။''အသုံးကို မကျဘူး..သံလေးတောင် ဖြောင့်အောင်မရိုက်တတ်တဲ့ကောင်..ဘယ်မှာသွား သုံးမလဲ...ဒီအလကားကောင်နဲ့ တော့ ခက်ပါတယ်။''လို့ အပြောခံ ရတယ်။တို့ သားသမီးကျ ဘာမှ ပြန်ပြောခွင့် မရဘူး။မိဘကို ချစ်လို့ မဟုတ်ဘူးလား ကိုဖြိုးရ နော်။(ဟုတ်တော့  ဟုတ်နေပြီ ဒီဘဲကြီးမောင်းတဲ့ လမ်း နှစ်ဆယ့်ရှစ် နှစ်ပိုင်းတစ်ပိုင်း ဒီဂရီ တိမ်းစောင်း ကမ္ဘာပတ်နေပြီးပဲ)။ရှိသေးတယ် ကိုဖြိုး...... မိဘတွေက သူ့ တို့ ပြောသမျှ နာခံမှ သဘောကျ လက်ခံကြတယ်။သူတို့ စကားကပဲ နေရာတိုင်း မှန်နေကြတယ်လို့  တရားသေ စွဲနေကြတာကွ။အဖေဖြစ်တဲ့ သုဒ္ဓေါနမင်းကြီးက ဘုရားမဖြစ်ခဲ့ ပါဘူး။သူ့ သားသိဒ္ဓတ္ထကပဲ ဘုရားဖြစ်ခဲ့တယ် မဟုတ်လား။သားသမီးတွေမှာလဲ အမှန်တရားပါတဲ့ အသိဥာဏ်တွေ ရှိကြပါတယ်ကွ။ရှေးရိုးစွဲ တွေးခေါ်မှုတွေက စာတွေ့ လောက်ပါပဲ ကိုဖြိုး..မဟုတ်ဘူးလား''။(ဟုတ်ကိုမဟုတ်နေတာ ဘုရားဟော ဓမ္မတရားတော်တွေက ရှေးကနည်းနာနိဿယတွေ မဟုတ်ဘူးလား။စာတွေ့ ရော လက်တွေ့ ရော တွေ့ မြင်ကြားနာ နေရတာပဲလေ)။သူက သူ့ စည်းချက်နဲ့  သူ့ စာသား ခွင်ကျကျ ကဗျာ့ slammer နတ်စီးနေတဲ့ performanceကဗျာ့ ဆရာပုံမျိုး ရင်ဘတ်ထဲက စိမ်းရင့်ရင့် ခံယူမှု အရောင်တွေ သူ့ မျက်လုံးပေါ်မှာ ဖြာဟတ်တောက်လောက်နေတော့လဲ သားတော်..ရာဟုလာရဲ့ အဖေက ဘယ်သူလဲဆိုတာ ခင်ဗျားမေ့သွားပြီလားဗျာ'' လို့ တော့ မမေးရက်တော့ပါဘူး။''ကိုမောင်မောင်ရေ...။ကွန်မြူနစ်သဘောတရားကို တွန်းကန် ငြင်းဆန်နေတဲ့  ကျွန်တော်လေ သူရဲ့  ဒဿနတွေ ကြောင့် အဖွဲ့ ဝင်တောင် ဖြစ်သွားတော့ မလို့ ပါပဲ။
နှမြောလှပေမယ့် နောက်လူတွေ လမ်းမလွှဲဖို့  တစ်ယောက်ကို ချန်ပစ်လိုက်ရတော့တယ်။လူ့ စည်းကမ်းနဲ့  မကိုက်ညီ ဖခင်မဖြစ်သေးတဲ့ အချိန်က တစ်ဝက်စာ ဒဿနအတွေးတွေနဲ့  အကျိုးမရှိ တွေဝေနေမဲ့အစား...လူငယ်ပဲ နည်းမှန်လမ်းမှန် တွေးသင့်..သင်သင့်တာတွေ အများကြီးပါ။လူလူချင်း ယောင်္ကျားနဲ့ မိန်းမ ဘယ်သူက သစ္စာပိုရှိ ကျလဲလို့  စကားရည်လု ဝေဖန်နေကြတော့ မှာလား။ အင်္ဂါ.. ဓါတ်..ရုပ်နာမ်တို့ ကို တန်းတူ မထားနိုင်ကြဖူးတဲ့လား။အရေပြားကွဲရင် ရဲရဲနီတဲ့ သွေးထွက်တာချင်းတူတူ ဘာကိုသာတယ်.. နာတယ်..။ အလေးချိန် အချိန်ကုန် ဆွေးနွေးတွေဝေ နေကြတော့ မှာလနော့်။တဂိုး
ကဗျာတစ်ပုဒ်မှာဆို သစ်ခုတ်သမားတစ်ယောက်ဟာတဲ့ သူ့ ပုဆိန်အရိုးတပ်ဖို့ အတွက် ပုဆိန်အရိုးကို သစ်ပင်ဆီမှာ သွားတောင်းခဲ့တယ်။သစ်ပင်ကကြည်ဖြူစွာဘဲပေးလိုက်လေတယ်။သဘောထားကြီးလိုက်
တဲ့သစ်ပင်...သဘောထားကြီးလိုက်တဲ့ ကဗျာဆရာ ကျော်ကြားပါပေတယ်။
အခုလိုကမ္ဘာ့ရွာလေးထဲမှာ ကိုယ်တတ်ထားတဲ့ နည်းပညာတွေ ဒိုင်လျှိုမပါ ဒိုင်စားမရှိ မျှဝေပေးတဲ့လူကို(အထူးသဖြင့် ကျွန်တော်မေးသမျှ ဖြေပေးကျမယ့် ပုဂ္ဂိုလ်တွေကို) မြင့်ရာကရေ နိမ့်ရာကိုစီးပေးမယ့် ရေ
တံခွန်လို လူသားလို့ ကျွန်တော်ဂုဏ်ပြုသတ်မှတ်ထားတယ်။
ဆရာကြီးမင်းသိင်္ခ ရေးထားခဲ့ဘူးသလိုပေါ့။ဘ၀ဆိုတာ ခရီးသွားခြင်း တစ်ခုလိုပါဘဲ။မြို့ အ၀င် ဆိုင်းဘုတ်
က ကြိုဆိုပါ၏နဲ့  မြို့ အထွက် နှုတ်ခွန်းဆက်သပါ၏ လိုပါပဲ..ကာလအချိန်ခဏလေးပဲ ခြားထားတာ ဒင်္ဂါးတစ်ချပ်လို ကျောချင်းကပ်နေတာပါဘဲတဲ့။ကျွန်တော်တို့ တွေ ၀င်လာတဲ့ အချိန်နဲ့  ပြန်သွားမယ့် ခဏ
လေးမှာ ဘာလုပ်ပေးသွားကြမှာလဲ?။
မြန်မာ့vcd lady live showခွေထဲမှာဆိုရင် တွင်ကယ်ကို လေးစားမိတယ်။နာမည်ရပြီးတဲ့လူသစ်လူဟောင်း သီချင်းကောင်းတွေအပြိုင်ဆိုနေကျပေမဲ့ တွင်ကယ်က
တော့ ကျော်ကြားလိုမှု အတ္တမပါ ဦးကျော်ဟိန်းရဲ့  အဓိပ္ပာယ်ရှိသောလူ သီချင်းဟောင်းကို မားသားထရီ
ဇာ နောက်ခံposterနဲ့  ဟစ်သွားတာ ကျွန်တော်လေ ပီတိဖြစ်လို့  ကြက်သီးတောင် ထသွားတယ်။
အားကျမိတယ်ဗျာ...
ကျွန်တော်လေ သစ်တစ်ပင်ကောင်းရင် ငှက်တစ်သောင်းနားတယ်ဆိုတဲ့ စကားပုံကို အရမ်းသဘောကျ
မိတယ်။တဂိုးရဲ့ သစ်တစ်ပင်ဖြစ်ချင်တယ်။ထင်းဆိုက်လို့ မရ မီးမြိုက်လို့ မရတဲ့ သင်္ဘောပင်သားလို မဖြစ်
ချင်ဘူး။သင်္ဘောသားလို့ အခေါ်ခံရမှာ ကြောက်တယ်။လက်ထဲမှာဆုပ်ကိုင်ထားတဲ့ တူ ကျွတ်ကျသွားမှာ
အရမ်းကြောက်တယ်။
ဥက္ကာပျံ(ဘီလူးကျွန်း)

ကတွတ်ယို ချိုချို


ဒါနောက်စရာလား... လူပုံအလယ်မှာ ဒီလိုအဖြစ်မျိုး ပြောပြစရာလား။မြင်တွေတမျှ လူတိုင်းကို ဒီအကြောင်း အသိပေး စရာလား။
တကယ်ဗျာ သူငယ်ချင်းတို့ ...ခင်ဗျားတို့ ဆိုလဲ ဒေါသဖြစ်မိမှာ အမှန်ပဲ။ ဘယ့်နှယ့်ဗျာ....မင်းတို့ မြန်မာပြည်မှာ ထူးထူးခြားခြား ဘယ်နေရာတွေ ရှိသလဲ မေးလာလို့  ရိုးရိုးသားသား စေတနာနဲ. ကျွန်တော်က...အာ ရှိတာပေါ့ ရွှေတဂုံဘုရားစေတီဆို ကမ္ဘာပေါ်မှာ အကြီးဆုံး ဗုဒ္ဓဓါတ်တော်တွေ ကိန်းဝပ်နေတာကွ၊ ကျိုက်ထီးရိုးဘုရားဆို နတ်နဲ့ လူ ပေါင်းတည်ထားတာ ဆုတောင်းပြည့်တယ်၊တန်ခိုးအလွန်ကြီးတာ၊ဖူးစေချင်လို့  လေပေါ်မှာရှိတဲ့ ကျောက်တုံးအပေါ်မှာ စေတီတည်ထားတာလို့  ပြောပြလိုက်တယ်။(ကိုယ်တိုင်တောင် မရောက်ဖူးသေးဘူး၊မွန်ပြည်နယ်သား ကျိုက်ထီးရိုးမရောက်ဖူးဘူး၊ကပ်ကပ်ပြီးကျော်သွားလို့ ကျွန်တော့်အတွက်က ကပ်ကျော်ဘုရားလို့ တောင် သမုတ်ရ မလားပဲ။)မရယ်နဲ့ ..မလေးတရုတ်ကောင်တွေကို တင်းနေတာနဲ့ တရားခံ မရှာချင်ဘူး။မခံစားနိုင်လို့ တာ သူငယ်ချင်းတို့ ကို ရင်ဖွင့်လိုက်တာ ရေးရင်တန်းလန်း အခုတောင် စိတ်တွေ မုန်ယိုနေပြီး။
''လေပေါ်ပျံနေတဲ့ ကျောက်တုံး ဒီလို အဖြစ်မျိုးလဲ ရှိလား''တဲ့... သကောင့်သားတွေက ပေါင်ချိန်လေသံနဲ့ သံသယ မေးခွန်းတွေ ထုတ်နေသေးတယ်။မယုံရင် သွားဖူးကြည့်ကြလို့  ကျွန်တော်ပြောသေး သကောင့်သား လေးယောက် မလေးရှားမြေက ၃ရက်လောက် ပျောက်သွားကြတယ်။ပေါ်လားပြန်တော့လဲ တခီးခီး တဟားဟားနဲ့  မင်တင်း မင်တင်းလို့ သာ နားလည်တယ် ဘာတွေ သဘောကျတယ် မသိပါဘူး။(တရုတ်လို မင်တင်း ဆိုတာမြန်မာလူမျိုး) မြန်မာ မြန်မာနဲ့  အတင်းတုတ် နေကြတော့ ရွှေမြန်မာ ကျွန်တော် ဘယ်နေတော့မှာလဲ ကိုယ့်အကြောင်းများလားပေါ့ မနေနိုင်လို့  လူကြားမှာမေးမိတော့ အခြားတရုတ်ကောင်က ငါးခူပြုံးလေးပြုံးပြီး အေး... ဒီကောင်တွေ မင်းတို့  မြန်မာပြည်က ကျောက်တုံးပျံစေတီကို သွားဖူးကြတယ်။အေးလဲအေးတယ် အရမ်းလဲသာယာပါတယ် Gentting Hightland လို့ ပဲတဲ့။(အမြင့်ပေ ၆၀၀၀ကျော်ရှိပြီး ဟိုတယ်နဲ့  ကမ္ဘာ့နံပါတ်၃ ကစားဝိုင်းနေရာ) သာယာတယ်လဲဆိုသေး ဘာလို့ နွားသိုးကြိုးပြတ် တခီးခီး တဟဲဟဲနဲ့ သူ့ တို့ ယောက္ခဆုံးသွားလို့ လားကွ။ မရတော့ဘူး ဘီလူးကျွန်းသား ဘီလူးဆိုင်း က ချင်လားတဲ့စိတ် ထိန်းထားလို့  မရတော့ဘူး။ဥက္ကာစိတ်ကို နောကျေတဲ့ အခြားသကောင့်သားတစ်ယောက်က ခပ်ဖားဖား ပြုံးပြီး မဟုတ်ပါဘူးကွာ။သူတို့ တွေ ကင်းမွန်းစခန်း စားသောက်ဆိုင်မှာ coffee သောက်ကြပြီးတော့ bill ရှင်းတာ ကျပ်၂၀၀၀ငွေ ပိုရှင်းလိုက်ရတဲ့ အကြောင်းပြောနေကြတာပါ။ဘာလို့ ပိုရှင်းလိုက်ရတာလဲ?။မသိပါဘူး air-con charge လို့ တော့ပြောတာပါပဲ။ဒီမှာတော့ဒီလိုမပေးရပါဘူးနော် ဟီး..ဟီး။ဘာ ဟီး..ဟီးလဲကွ။ကျွန်တော်လေ ခြေကားယားခွ၊ရင်ညွန့် ကြီးကို ကော့၊လက်သီးကို စကြာကာယဗလမောင်ပုံမျိုး ဆုပ်ပြီး ''မင်းတို့ ညံ့လို့ မင်းတို့ ခံရတာ င့ါလာမပြောနဲ့ သွား''လို့ သကောင့်သားတွေကို ဟောက်ပစ်လိုက်တယ်။ဟုတ်တယ် ကျွန်တော်မမှားဘူး။သူတို့ ညံ့လို့ သူတို့ ခံရတာ ဒီအရှေ့မှာ ဖောက်သည်ချ လာရယ်နေကြတယ် သွား သိဘူး လာမပြောနဲ့  ဟောက်ပစ်မှာပဲ။ဒါတောင် စိတ်ဆိုးဆိုးနဲ့  လှည့်ထွက်သွားတဲ့ ကျွန်တော့်ကို ဟေ့ ဥက္ကာ မင့်တို့ ဆီက ဆိုးဆေးရဲရဲနဲ့  ကတွတ်ယိုက အရမ်းချိုတာပဲလို့ လှမ်းချော့လိုက်သေးတယ်။ဟင့် နော်...ဟင့်ဟင့်.....။
ဥက္ကာပျံ(ဘီလူးကျွန်း)

ပျံသန်းခြင်း သီအိုရီ



''အမိရင်ခွင်ကနေ တိုင်းတပါးကို ပျံသန်းထွက်လာတာချင်း အတူတူ
တစ်နေ့ နေ့  အမေ့အိမ်ရာ အပြန်လမ်းဆီ ဘယ်လို ပုံစံနဲ့  ပြန်ကြမလဲ။
ပျံ = အထက်သို့  တက်ခြင်း(မူလနေရာထက် ကျော်လွန်ပြီး)
ပြန်= ဆုတ်ခွာခြင်း(မူလနေရာ ဆီ)
ရပင့်နဲ့  ပျံ မှာလား။ယရင့် နဲ့  ပြန်ကြမှာလား။
ဘယ်လိုပြန် ကြမှာတုန်း။?''
မြန်မာ့အားမာန် အခမဲ့ သင်တန်း ကျောင်းထိုင် ဆရာတော်ရဲ့  သဘောပါတဲ့ ဆုံးမစကား အတိုချုပ်လေးပါ။အတိုလေး ဆိုပေမယ့် သေသေချာချာတွေးမိရင် တကယ်တမ်း နက်ရှိုင်းလှပါပေတယ်။အရှေ့ တောင် အာရှနိုင်ငံထဲမှာ ဘယ်နေရာသွားသွား ကျွန်တော်တို့ မြန်မာတွေက သူအခြားထက် ခြေတစ်လှမ်းသာ ကြတာချည်း။အလုပ်ထဲမှာလဲ သဋ္ဌေးတွေရဲ့ နေရာပေးခြင်း ခံရသူတွေ ချည်းပါပဲ။ကိုယ်ဆီကိုယ်ဆီ အရည်ချင်းပြည့် သူတွေ ချည်းပါပဲ၊ဒါပေမယ့် ဒီမလေးရှားမှာ အလုပ်လုပ်နေသမျှ ငွေမရှားပါဘူးလို့  ၈၀%မြန်မာတွေက တလွဲဆံပင်ကောင်းနေကြဆဲ။ရေရှည်ရော ဒီမှာပဲ နေထိုင်သွားကြတော့ မှာပဲလား။ချက်ကြိုးဖြတ်ခဲ့တဲ့ ရွာ၊အမေနဲ့ တစ်အိမ်ကျော်က လူတွေကိုရော မလွမ်းကြတော့ဘူးလား။ရွှေမြန်မာတွေ အလုပ်လုပ်ရင် သူတပါးထက် သာသလိုပဲ အသောက်အစားမှာလဲ နှာတစ်ဖျား သာကြပါပေတယ်။ကိုယ်အိမ်ရှင်ဖြစ်ရင် နီးရာ မြန်မာဆိုင်က အဖျော်ယမကာနဲ့  ဧည့်ခံကြသလို ကိုယ်ဧည့်သည် ဖြစ်တော့လဲ ယမကာနဲ့ ပဲ စကားပြောဆို ကြတော့တယ်။အရက်သေစာနဲ့ ဧည့်ခံပြူစုကြတာ မြန်မာ့ ဓလေ့ထုံးစံတစ်ခုလို ဖြစ်နေကြလေပြီး။ရေနွေးကြမ်းနဲ့ လက်ဖက်သုပ်ဆိုတာ ဦးငွေကိုင်ရေးတဲ့ ရှေးဟောင်း ပန်းချီကားတစ်ချပ်လို ရှားပါးသွားခဲ့ ကြပြီးဗျာ။
တစ်လလုံးလုံး လုပ်စာရဲ့  သုံးပုံ ပုံ နှစ်ပုံခွဲက စားသောက်ဆိုင်ထဲရောက်ကုန်ကြတယ်။
လကုန်ရက် အကြွေးဆပ်ပြီး ယင်းဆိုင်ပေါ်မှာပဲ ၁၀၀..၂၀၀ဖိုးထပ်သောက်
ဒီနေ့ အကြွေးလျော် ဒီနေ့ အကြွေးတင် နေ့ မကူး လူငယ်တွေ တွေ့ရသလို
ု၁၀၀..၂၀၀ကျန်နောက်လထပ်ပေါင်းလူလူချင်းဆိုင်ရှင်ရဲဟောက်မာန်မဲမှုကိုခံရတဲ့
ကျန်ထပ်ပေါင်းလူငယ်တွေ မနည်းလှပါ အတော်များများပါပဲလား။
ယနေ့ လူငယ် နောင်ဝယ်လူကြီးအတိုင်းဆို တစ်နေ့ နေ့  ဒီနိုင်ငံမှာ နေလို့ မရတော့တဲ့အချိန်
လူကြီးဖြစ်လာရမယ့် နိုင်ငံခြားပြန် လူငယ်တွေနဲ့ မျိုးဆက်ကလေးတွေရဲ့ အနာဂတ်ဟာ စိုးရိမ်ဖွယ်ရာပဲ။ယမကာဆိုင်ကို အတိုင်းထက်လွန် အားပေးပုံများ မလေးရှားမှာ
နောက်၃..၄နှစ်ဆို မြန်မာ့ယမကာဆိုင်တွေ ပုဂံဘုရားပေါင်းထက် ကျော်သွားလောက်တယ်။
တစ်လလုံး စိတ်ဆင်းရဲ အဆဲဆိုခံ ရခဲ့တဲ့လခငွေ လကုန်လို့ အိပ်ကပ်မှာ ၅ကျပ်တောင် မကျန်ကြတော့ဘူး။တန်ပါ့မလား။ချွေးစက်တွေ နှမျောစရာကြီးဗျာ။
သက်တမ်းရင့် အစ်ကိုက လူသစ်ညီတွေကို ဘီယာနဲ့ စ အရက်နဲ့ အပိုင်သိမ်း၊ ညီက အစ်ကို့ ကို ပုခုံးချင်းယှဉ်နဲ့ ။ဒီချိန်ဆို အိမ်က အမေ့မင်္ဂလာဦး စိန်နားကပ် အပေါင်ရှုံးလုပေါ့။
အမေ့အိမ်ကိုပြင်ချင်တဲ့မျှော်လင့်ချက်တွေ မြေမြုပ် ပစ်ကြပြီလား။မလေးရှားဟာ
ငွေရှာရမယ့်နေရာလေးပါ။မျှော်လင့်ချက်တွေ စိတ်ကူးတွေ သဂြိုလ်ပစ်ရမယ့်
သင်းချိုင်းမြေဟုတ်လို့ လား။မလေးရှားဟာကျွန်တော့်မြန်မာတွေရဲ့  ဘူမိနက်သန်နယ်မြေလေးပါ။
ကျွန်တော်ဝမ်းစာ ရှာစားနေလို့  ကောင်းကြောင်းပြောနေတာမဟုတ်ပါဘူး။
ပြီးခဲ့တဲ့တစ်ပတ်က တွန်းအားတစ်ခုကြောင့် မလေးရှားစင်ကာပူနယ်စပ် ဂျိုးဟိုးဘာရူးမြို့ လေး ကိုရောက်သွားတယ် မြန်မာ့သာသနာပြုဘုန်းတော်ကြီးကျောင်းမှာ
စင်ကာပူကနေstayရှောင်လာကြတဲ့ သူတွေတည်းခို နေကြတာကိုတွေ့ ရတယ်။
စင်ကာပူမှာအလုပ် ခက်ပုံကိုပြောပြကြတယ်။ဘွဲ့ တစ်ခုဒီပလိုမာတစ်ခု
လုပ်သက်ငါးနှစ်အထက်ရှိမှ အလုပ်အတွက်မျှော်လင့်ခွင့် ရတယ်တဲ့။
အလုပ်လျှောက်ရင်လဲအေးဂျင့်လက်ထဲကိုယ့်ချွေးစက်တွေငွေပေးပြီးအလုပ်အပ်ရတယ်။
စင်ကာပူဒေါ်လာ၃၈၀၀ ၄၀၀၀ပေးရတယ်။အလုပ်ရတော့လည်းသုံးလ အစမ်းခန့် ပဲတဲ့
အလုပ်ပြုတ်ရင်ဒေါ်လာလေးထောင် မလေးငွေ ကိုးထောင်နီးပါး ဆုံးရောတဲ့ဗျာ ။
တချို့ အေးဂျင့်တွေကျတော့သူဋ္ဌေးနဲ့  ပေါင်းပြီး လေးထောင်ယူ သုံးလပြည့် အလုပ်ဖြုတ်
နောက်ထပ်လူ ၄၀၀၀ယူနဲ့ လိမ်စားနေကြတယ။် အင်တာဗျူး ခေါ်ရင်လည်း ခုံနေရာလေးပြရုံနဲ
့ဒေါ်လာ၅၀ မြန်မာချင်းကောက်ဝါး သွားသေးတယ်။အလုပ်လျှောက်လို့ မကျရင်လည်း
ဒေါ်လာ၂၀၀နုတ်ယူထားပြန်ရော။ မလေးရှားလိုမဟုတ်ပါလား။မလေးရှားမှာဆို ပါမစ်ရှိလည်း
အလုပ်အဆင်ပြေ အိုဗာစတေးလည်း ငွေရွှင်လို့ ပါပဲ။ဒီလိုမခက်ခဲတဲ့ နိုင်ငံမှာပျံသန်းနေတဲ့ 
ရွှေငှက်တွေ အပြန်လန်းဖို့ စုစုဆောင်းဆောင်း မလုပ်သင့်ဘူးလား။ဧည့်စာရင်းမတိုင်ရတိုင်း ကိုယ့်အိမ်ကိုယ့်ရာလို့  မသတ်မှတ်ပါနဲ့ ခဏတာလေးမှာ ဘင်္ဂလားကိုခွေး နီပေါကိုနွား
ကိုယ့်ကိုကိုယ်တော့ ရွှေဆိုပြီး မာန်တက်နေမှာလား။အပြန်ခက်နေတာလည်း စဉ်းစားကြည့်ပါအုံး။
လကုန်ရက်ဆို အိမ်ကဖုန်းဆက်ရင် စိတ်ဆိုးကြတယ။် သားငွေမပို့ နိုင်လို့ ဖုန်းမဆက်တာပါတဲ့။
ဒါဆိုဆယ့်နှစ်လရာသီမှာဘယ်လိုလမျိုးက သားဖုန်းဆက်မဲ့လ လဲတဲ။့ အမေမမေးရုံတမယ်ပဲ။
မြင်နေရတော့ခက်လှတယ်ဗျာ။ ဒီလိုအနေအထိုင် အလုပ်အကိုင်ပြေပြစ်တဲ့ မလေးရှားလို
နေရာမျိုးမှာ ရတုန်းစုစေချင်တယ်။အပြန်လန်းအောင် ရွှေငှက်တွေကို အကြံ ပေးချင်တယ်ဗျာ။
ဆရာတော်ပြောတဲ့ရပင့်နဲ့ ပျံသန်းစေချင်တယ်။ခူးဆွတ်ရမဲ့ရာသီလွန်မှ လက်ထဲမှာရှိတ
ဲ့တံကျူဟာ အသုံးဝင်တော့မလား စဉ်းစားစေချင်တယ်။
''အခွင့်သာခိုက်မှာ မလိုက်လျှင်အမိုက် နင့် အပြစ်ရှိမည်လော။
အခွင့်သာတုန်းမှာ မရုန်းလျှင် အရှုံး နင့် အပြင် ရှိမည်လောတဲ။့''
ရဟန်းစာဆိုတပါးရဲ့  အမှာစကား ရွှေငှက်တိုင်းကြားဘူး မှာပါ။အကြံပေးတာပါ။
ရွှေငှက်တွေကမရုန်းတာတော့မဟုတ်ပါဘူး။ရုန်းကြပါတယ်။
ဖြုန်းတာလေးပဲပြောစရာရှိတယ်။နွားမကျောင်းစမ်းပါနဲ့  ကွာလို့ တော့အပြစ်မတင်စေချင်ပါဘူး။
အမှန်နဲ့ အမှားဆိုတဲ့ အကွာအဝေးဟာ လောကမှာတစ်စက္ကန့် ပိုင်းလောက်ပဲခြားတာပါ။
မှန်တဲ့လူမှား
ဖို့ စက္ကန့် ပိုင်းပဲလိုသလို မှားတဲ့လူမှန်ဖို့ လဲ စက္ကန့် ပိုင်းပဲ လိုတာပါ။
အဲဒီတော့ မှားတဲ့လူကို လမ်းမှန်ရောက်အောင် ဖေးကူမဖို့ လဲမမေ့နဲ့ နော်။
ဘ၀ဆိုတာပိုက်ဆံမပေးရတဲ့စာသင်ကျောင်းပါပဲ။ အခက်အခဲဆိုတာ စာမေးပွဲတွေပေါ။့
အဲဒါကို အောင်အောင်မြင်မြင် ကျော်ဖြတ်နိုင်ရင်လူတော်တစ်ယောက်လို့ သတ်မှတ်ခံရလိမ့်မယ။်
ကျရှုံးခဲ့ရင်လည်း ထပ်ဖြေလို့ ရသေးတယ်အသက်ရှင်နေသရွေ့ပေါ့။
ဆရာသဲအောင်ရေးထားတာပါ။
အမှန်တော့ ပျံသန်းနေကြ ရတာချင်း အတူတူပါ။
ဘယ်လိုအမြင့်ကို ပိုရောက်အောင်ကြံဆကြ မလဲ။ကိုယ်ဝမ်းနာတိုင်း ဘယ်ဟ၀ှာ
ဘယ်ပုဂ္ဂိုလ်မကောင်းကြလို့  အပြစ်မတင်စေချင်ဘူး။ပြန်လှမ်းလာမဲ့ သားကို
အမေကြိုနေပေမယ့်ပျံသန်းလာတဲ့သားကြောင့်အမေ့မျက်စိနှစ်လုံးအလင်းရစေချင်တယ်။
လက်ထဲမှာကိုင်ထားတဲ့ တံကျူကို အဓိပ္ပာယ်ရှိစေချင်ပါတယ်။ရွှေငှက်တွေအားလုံး
ဆရာတော်ပြောတဲ့ ပျံသန်းခြင်း နိယာမနဲ့  တစ်ခုတည်းသော အဖြေမှန်ရနိုင်ကြပါစေ။
ဥက္ကာပျံ(ဘီလူးကျွန်း)