အလင်းဖျော့ ချိန်

ဝေဒနာ ရောဂါတွေ အထဲမှာ မှ
ငတ်မွတ်မှုနဲ့တောင့်တခြင်းက
ထင်ထင်ရှား အဆိုးဝါးဆုံး ထင်ပေါ်လွန်းလှတယ်။
အတူနေ အိမ်သူ လွန်ပဲ့ပြီးနောက်
တီတီတာတာတစ်ဦး တစ်ယောက်မှ
ကျုပ်အနားနား ရောက်မလာကြဘူး။
ကျုပ်သွေးနဲ့ ဆောက်တည်ခဲ့တဲ့ အာရုဏ်ဦး အလင်းတွေ
ကျုပ်ချွေးနဲ့ ပိုက်ထွေးခဲ့တဲ့ ပိုးစုန်းကြူးလေးတွေ
ပိုင်သူအစုနဲ့ ဖွဲ့သီ ဆိုင်သူကျုပ်ကျ
ငြီးငွေ့မှုနဲ့ မိုးချုပ်လို့။
ခရောင်းလမ်း လောကဓံတရားကို ကိုယ်စားပြု
ဝတ္တရားတစ်ခုအဖြစ် ဖြတ်သန်းလွန်မြောက်ပြီး
နွေဦးပေါက်ကာမှ ဒီသစ်ခြောက်တစ်ပင် အဖို့
ထင်းခြောက်အဖြစ် လောက်တောင်
ကောက်သိမ်း စောင့်ရှောက်မယ့်သူ မဲ့ရသလား။
ဒီနှစ်ပေါင်းတွေမှာ ထုပ်တန်းပေါ်က
စုတ်သပ်နေမြဲ အိမ်မြှောင်တစ်ကောင်ရဲ့ အသံလေးက
သူတို့ အသံ……..
မြေနီလမ်းက ဒုံးစိုင်းပြေးလာနေတဲ့
ဖုန်လုံးတွေက သူတို့တွေများလား၊
အမှတ်သညာမရှိ လက်ရှိကို အမှတ်မှားနေတုန်း။
နှစ်ပေါင်း၆၀ကျော် လည်ပတ်ခဲ့ပြီးတဲ့
တိုင်ကပ်နာရီတစ်လုံး အတွက်
နောက်တစ်ရက် နေ့စွဲ မလိုအပ်ဘူး။
မိုးချုပ်လုပြီး……
ကျုပ်အတွက် ရွှေမလိုဘူး၊ ငွေမလိုဘူး
အဝေးက ချည်ထည်ဆေးစုံ မုန့်ပုံးတွေထက်
အနားက ရေတစ်ခွက်ကို တရှိုက်မက်မက် တပ်မက်နေတယ်။
ကျုပ်က ညခရီးကို ဖြတ်သန်းနေတဲ့
ကန္တရ ခရီးသည် ။

ဥက္က္ကာပျံ(ဘီလူးကျွန်း)

စေရာညွှန်းမှ လန်းးတဲ့စိတ်

အားလုံးရဲ့ အလို လိုက်ကြည့်ပေးရင်း

သူ့စိတ်အလိုကျ ပျိုးထောင်ကြည့်မယ့်

အပင်မျိုးကျ မမြင်ခဲ့ရဘူး။

စိတ်တူပေမယ့် လျှောက်ကြမယ့် တိမ်တွေက

အရောင်တောက်တောက် ဖျော့မှောင်မှောင်

အကြောင်းအကျိုးတစ်ခုခု လိုနေသလို

အနားသတ်မျဉ်းဖြောင့် အစင်းပြိုင်ပြိုင်

ကောက်ကြောင်းမဲ့ ချော်ထွက်နေကြတာက အတ္တ

ရမှာ မရမှာက နောက်ပေါက်ဖြစ်စဉ်

အရိပ်မြင်ရုံနဲ့ အကောင်ဖမ်းလိုက်မယ် ဆိုပဲ။

တွန်းအားနဲ့ဖိအား မမှားစေချင်လို့

ဘာ,ဘာဆို ဘာမှာ မပြောတာကိုပဲ

ဘာကြောင့် ၀င်မပါရကောင်းဆို အပြစ်တစ်ခုလို အဖြစ် ဖန်ဆင်းခြယ်သကြပြန်ရော။

အစ အန ကောက်တတ်လိုက်ပုံ ယုံချင်ချင် မကြုံကျဲကျဲ

ဘာကိုမှ ၀ံ့ဝံ့ရဲရဲ အာမဘန္တေ မပေး ပဲ

ပါးပါးလေး အနေစိမ့်နိုင် စွမ်းအားက

ဒိုင်ယာရီထဲ မြဲမြဲစွဲ ကဲထားတဲ့ မကောင်းတတ်တဲ့ အရိပ်စုပါပဲ။

ဟူးးးးးးးးးးအားနာတတ်ခြင်းက ဘယ်တော့မှ

ခံပြင်းခြင်းပွင့်လင်းမှုမျိုးကို စီးချင်းမထိုးနိုင်ခဲ့ဘူး။

အပြောင်းလဲ မြန်နှုန်းအပေါ်

အလျင်မှီ ရှေ့ဆက်ပြေးတက်ဖို့

ကိုယ်တိုင်ကျင့်ကြံ လိုက်တာမှ

သက်လုံကောင်းကောင်း ရှိုက်ခွင့် ရအုံးမယ်။

ကမ္ဘာမြေကြီး လည်ပတ်နေသမျှ

လုံးချာလိုက်နေကျအုံးမှာချည်းပါပဲ

ဦးလေးရေ…….

မရောက်တော့မှာထက်စာရင် နောက်ကျမှ ရောက်လဲ မဆိုးပါဘူးဗျ။

ဥက္ကာပျံ(ဘီလူးကျွန်း)

ဟင်းလင်းပြင်နဲ့ စကားပြောချိန်


ညဉ့်မျက်နှာကျက် ထောင့်တစ်နေရာက
"ရူး"ခနဲ့ ကြွေဆင်းသွားတဲ့ ကြယ်ပွားနဲ့ အတူ
ကျွန်တော့်အရိပ်ပါ ကြွေသက်ဆင်းသွားတယ်။
လှမ်းတားချိန်မရ ဆုတောင်းချိန်တောင်မရလိုက်ဘူး။

"အစ်ကိုမေးနေတဲ့ ဥက္ကာပျံ"
ပို့မော်ဒန် တစ်ပုဒ် အန်ထုတ်မိ ကတည်းက
ကျွန်တော့်ကလောင်ကို မေးရင် မဖြေ၀ံ့တော့ဘူး။
အထင်သေးတဲ့အကြည့် ရွံ့ရှာတဲ့မျက်လုံး ဟန်ဆောင်အပြုံး ရောင်နဲ့
လူပုံအလယ်ကြား ဆိုးဆေးမျက်တောင်ဖျားက
အလင်းတစ်ချက် အခတ်ခံလိုက်ရတယ်။

ကျွန်တော်နဲ့ လူစုံတက်စုံ မှတ်တမ်းပုံ
အရိုက်ခံဖို့ လူတွေကြားက လူတွေကို
ကျွန်တော် အားနာမိတယ်။
လျှပ်တပြက် အလင်းရောင်ကို မိုးလန့်တတ်သွားပြီးနောက်
ဖလက်စ်ဂန်းတို့ရဲ့ အနမ်းကို အတတ်နိုင်ဆုံး ရှောင်ပေးခဲ့ပါတယ်။

ကြယ်ကလေး........ရေ၊
မင့် ခုန် အဆင်းမှာများ
ငွေဝယ်ကျွန်သား ဂျော့ခ်ျဝါရှင်တန်ကာဗာ
ဖိနပ်ချုပ်သမား အေဗရာဟင် လင်ကွန်း တို့ကို
မြင်တွေ့မိခဲ့လား။
လူသားတို့တိုင်းမှာ မျိုးရိုးဗီဇနဲ့ လုပ်ရေးကိုင်စွမ်း
ဘယ်အရာတစ်ခုက လူပီသစေသလဲ..ဟင်။
ပျိုတိုင်းကြိုက်တဲ့ နှင်းဆီခိုင်က
အဖိုးတန် ပစ္စည်းလေးပါ၊
လိုအပ်တဲ့ချိန်ခါ ခေါင်ရန်းပန်းလဲ တန်ရာတန်ကြေး ရှိပါရယ့်။

ကြယ်ကလေး....ရေ၊
"လမ်းဆုံးရင် ရွာတွေမယ်"တဲ့
ကျွန်တော်လမ်းဆုံးလို့ ရွာအ၀င်ရောက်တဲ့ တစ်ရက်
မင့်ရဲ့ ပညာမာနမျက်တောင်တစ်ချက်လောက်
ခပ်ရိုက်ပေးခဲ့ပါအုံး။
ခေါင်ရန်းပန်း ကိုင်ပြီး တစ်ယောက်တည်း
ပြုံးပြုံးလေး အရိုက်ခံချင်လို့။
အသက်တွေသာ မှန်မှန်ရှုရင် တဖြည်းဖြည်း နိမ့်ဆင်း ကြီးထွားလာတယ်။

ဥက္ကာပျံ(ဘီလူးကျွန်း) 3.1.10-12:59pm

အသီးတစ်ရာ အညှာတစ်ခု စာတမ်း


အနောက်ဘက်ကမ်းမှာ A, B,Oသွေး

ရဲရဲနီနီအသားရောင်မည်းမည်း.........

မြောက်ဘက်ကမ်းမှာ ပြာနှမ်းနှမ်း

မျက်လုံးအစုံA,B,Oသွေး.................။

အရှေ့ဘက်ကမ်းမှာ A.B.Oသွေး.

အသားရောင်က အဖြူ..အညို...။

တဂိုးက ဘင်္ဂလီ တော်စတွိုင်းက ရုရှား

ထူးမခြားနား ရှည်လျားလျား

မုတ်ဆိတ်မွေးထားတာချင်းအတူတူ

သွေးရောင်ချင်းက အနီရောင်။

ခပ်ရိုင်းရိုင်းလောကဓံကြားက အရိုးပြိုင်းနံကား

ဘုမသိဘမသိ လူသားငယ်ငယ်

အသိကမကြွယ်နိုင်သေး နေချင်လဲ နေ

မနေချင်လဲ နေနေကြရင်း

တောတန်းတောင်စွယ်အောက်

ဟန်ဆောင်ငြိမ်းချမ်းခြင်းကိုမာန်ပါပါ စာလုံးပေါင်းနေကြတယ်။

ရွာရိုးကိုးပေါက် ဖြတ်လျှောက်နေတဲ့

သဘာဝအမည်ခံ လေ ရေ မြေအောက်

ကိုယ်ခန္ဓာပျောက်နေကြတဲ့ ကိုယ်စောင့်နတ်တွေ

ဆူမာတြားမှာ အော်နေပြီး

ဧရာဝတီမှာ မျှော်နေပြီး...။

ဓါတ်မီးတိုင် မလုံလောက်သေးတဲ့EVERESTတောင် မြို့ကလဲ

နေလုံးကြီးကိုမျှော်နေတယ်။

ယင်လုံအိမ်သာကို ဖန်သားပြင်မှာမှမြင်ရတဲ့ အရပ်ကလဲ

နေလုံးကြီးကိုမျှော်နေတယ်။

၂၄နာရီ မီးရောင်စုံအောက် ရှင်သန်နေထိုင်နေရသေးတဲ့နော်ဝေးမြို့ကြီးကလဲ

နေလုံးကြီးကိုမျှော်နေတယ်။

အနောက်ဘက်ကမ်းက ယုံကြည်မှုနဲ့ကိုးကွယ်နေတဲ့ဘာသာ

အရှေ့ဖက်ခြမ်းက ရိုးရိုးကျိုးကိုးကွယ် ရွတ်ဖတ်နေတဲ့ ဒေဿနာ

အာလုံးသော အရာရာကစိတ်နဲ့သွားတဲ့ ကိုယ်ခန္ဓာချည်း။

မနှစ်ကဒီလို ဒီနှစ်လဲ မထူးခြား

မြင်နေရပါရယ့် အရောင်စုံလူစုံကြားက

မီးပေါက်ပန်း တပွားပွား.

မီးပေါက်ပန်းမှ မီးပေါက်ပန်းအစစ်။

သက္ကရာဇ်အဟောင်းတွေနဲ့ ကျွန်တော်

ကမ္ဘာ့အပြင်ဘက် ထွက်ရပ်ကြည့်လိုက်တယ်။

ဗုဒ္ဓေါ.............................

ဂြိလ်ပြာကြီးက 23½ ဒီဂရီကပ်ပြီး တိမ်းစောင်းနေတာကလွဲလို့

တို့တွေနေရာက တစ်လုံးတည်းသော ဂြိလ်ကြီးပေါ်မှာပါပဲလား။


ဥက္ကာပျံ(ဘီလူးကျွန်း)

မြသန်းတင့် ..စာရေးခြင်း အတတ်ပညာ

ထူးဆွေအောင်....မြင့်မိုရ်တောင်ထိပ်မှ သဲပွင့်ကလေးများ

HtooSweAung_Myinmo

ချစ်ဦးညို - လောကဓံ နှင့် လမ်းလျှောက် အတူ ထွက်ခြင်း