နေရာ


သစ္စာ..တည်ကြည်ဖြောင့်မတ်ခြင်း..
ပညာ..ဥာဏ်အမြော်အမြင်ရှိခြင်း..
ဝီရီယ..မနားမနေ ကြိုးစားအားထုတ်ခြင်း..
စာဂ..ပေးကမ်း စွန့်ကြဲခြင်း..တဲ့..
အောင်မြင်ခြင်း အခြေခံမူလ ဒီလေးခွက်နဲ့
နေ့စဉ်ဆက်ဆက် မျက်နှာသစ်ခဲ့တောင်
တစ်ယောက်ပြီးတစ်ယောက် ဖြစ်လျှောက်သွားတိုင်း
ခပ်ရိုင်းရိုင်းပဲ ကံကိုပုံပြီးစိတ်ပြေလျော့မိတယ်။
ကုသိုလ်ကံက လူကိုမစောင်တဲ့ အချိန်တန်မှလား။
ရုန်းကန်လွန်းလို့ လိပ်ပြာတွေတောင် လက်အံလွဲပေါ့။
စိတ်ဖြေသဘော မျော်တွေးကြည့်တိုင်
မပုကြွယ်ရဲ့ခြံတိုင်ရိုးက အားကိုးစရာ
ခရုငယ် ဘယ်များ ခြေချော်လဲ
တိုင်ထိပ်ဆီ ဇွဲနဲ့တက်တဲ့ ရေညှိတွေတောင်
ပျင်းရိရိ ဒေါသပုန်ထ ကုန်ပြီး။
လူမသိတဲ့ အပူ ဖုံးဖိကွယ်ရင်း
သက်ပြင်း မျှင်းမျှင်းလေးတော့ စိတ်ဓာတ် ချမိတယ်။
နှင်းမြူတွေ...
လူ...လူတွေ...
အတူတူရှိ ချိန်လေးမှာ ခြေတစ်စုံစာ
နေရာမရတဲ့ ကိုယ့်လိုက ခပ်များများ
မြေကြီးဆီ နှစ်သိမ့်ဖို့ ပြန်မဆင်းနဲ့
မိတ်ဆွေ.....
ကျွန်တော့် ပုခုံးဆီ စကားမပြောပဲ တက်
ဘယ်နေ့..
လ.....
ရက်...
ရေတွက် မနေနဲ့
ကျည်ပွေ့အတက် မပေါက်သေးသ၍ တော့
ထပ်တူမျှမျှ ကူရှာကြသပေါ့။
ဥက္ကာပျံ(ဘီလူးကျွန်း)

Team work ခုံ


#သင်တို့ သည်.........တစ်ခုံထဲ အတွင်း
ပေါက်ဖွား ရှင်သန်ခဲ့ သည့်
ညီနောင်အရင်းတွေ မဟုတ်လော့။

#တန်းတူနိမ့်ကျ ချို့တဲ့သည့်တိုင်အောင်
တစ်လုံးတည်းသော ကုလားထိုင်ခုံ အပေါ်
တစ်ယောက်တစ်လှည့် ထိုင်ကြပါ၊
နှစ်ယောက်ပြိုင်တူ မထိုင်ပါနှင့်။

#ပျားများလို စုံရုံးညီညာ ဖန်တီးပါ
နှစ်ကောင် တစ်ဂူမအောင်း နိုင်သောခြင်္သေ့လို
တစ်ကိုယ်ကောင်း မဆန်းပါနှင့်။

#နယ်ရုပ်တစ်ရုပ်ချင် စီ၍ ထိုးစစ်ဆင်ပါ
ဘုရင်မ တည်းဖြင့် တိုက်စစ်တပ်ကြီး
မဖြစ်ဖြစ်အောင် မဖန်တီးပါနှင့်။

#ငှက်တစ်သောင်းနား နေနိုင်မည့်
မျိုးပင်ကောင်းကို စုပေါင်းပိုင်းဖြတ် ဖွေရှာကြပါ။
တစ်လမ်း မမောင်းပါနှင့်။

#နိုင်ပွဲသို့ ဆီ ညီညီတွဲ
ဆုပ်ကိုင်ထားသော လက်ဖြင့်ချီကြပါ
တစ်မနက်တည်း တွဲလက်များကို
ပုတ်မထုတ် ပစ်ပါနှင့်။

#ဖြစ်တည်ခြင်း ပျက်သုဉ်းခြင်း
မမြဲနိုင်သည့် နိယာမ ကမ္ဘာမှာ အဆိုးကြုံရင် အချိန်ကောင်းကိုစောင့်
စိတ်အောက်မကျနဲ့  ထွက်ပေါက်ရှာ
မညီသောလက် ဆယ်ချောင်း တစ်ပေါင်းတည်းလုပ်
ကြိတ်ကြွေခဲ့တဲ့ နေ့ ရက်တွေကို အတိုးချ
မချိတင်ကဲတတ်မှ သတ္တိပေါ်သလို
ခံယူချက်ကို အပွတ်တိုက် မခံနှင့်။

#ငုတ်မိသဲတိုင် တက်နိုင်အဖျားရောက်
အောက်သက်ကြေပြီးသား အဆင်းလှေကား မရှာနှင့်။
ဥက္ကာပျံ(ဘီလူးကျွန်း)

တကယ်လို့ သာ


ရိုးသားမှုသာ မင်္ဂလာတစ်ပါးဆိုလဲ
အပွင့်လင်းဆုံး ၀န်ခံမှုဟာ
တစ်ခါတစ်ခါ အရိုင်းစိုင်းဆုံး စကားပြေ ဖြစ်လာရတယ်။

နှလုံးအိမ်ရဲ့  တောင်းတငတ်မွတ်မှုဟာလဲ
တစ်ကိုယ်စာတောင် တစ်ကိုယ်ကောင်းဆန် ခွင့်မရခဲ့ဘူး။

ငါ့အပေါ် ငါ့ထက် နားလည်သူကိုမှ
၁၃နာရီစာ ကြွေကွဲသွားအောင်
ငါမိုက်မဲ သွားစေခဲ့သလား။

ကိုယ်တိုင်ရော မတ်တပ်ကြီး
ရင်ဘတ်တစ်စုံ သေဆုံးနေရတာ
နှစ်ကြိုက် ပျော်နေနိုင်လို့ လား။

ရေကူးပြီး တောင်ပန်းလို့ ရရင်
သူ့ ပျိုးထားမယ့် နှင်းဆီဖူးလဲ
အိပ်ကပ်ထဲ ရဲရဲဝင့် ထိုးစိုက်လိုက်နိုင်တယ်။

အိပ်မက်ကို ဆက်မက်ဖို့ 
နေရာတစ်နေရာ မရဖြစ်ရင်တောင်
ဒီမျော်လင့်ချက်ကို ဆုပ်ကိုင်ထားခွင့် ရချင်မိနေသေးတယ်။

အတွေးစိတ်ကူးနဲ့ လက်တွေ့ 
အကောင်ထည်ဖေါ်ခွင့် မရှိတော့ရင်တောင်
စိတ်ကူးခြင်းနဲ့  ထိုအရာကို မွမ်းမံချိန်ရချင်နေတယ်။


ဥက္ကာပျံ(ဘီလူးကျွန်း)


အစိုးမရ




@ အလိုဆန္ဒ မရှိပေမယ့်လဲ အများသူငှာ
ဏိန်းဂဏန်းများကို စိတ်ဝင်တစား စားသုံးနေချိန်မှာ
မခံချင် စိတ်ရိုင်းကြောင့် ငါလဲပဲ မိုးခါးရေ တစ်ကျိုက် မျိုသွပ်မိခဲ့ပြီး
ဒါတောင် ..လူတောထဲ သူလိုကိုယ်လို အိပ်မောကျချိန် ကောင်းကောင်းမရခဲ့သေး။

@ ဆန္ဒရင်းခံ တစ်ကိုယ်ကောင်း မဆန်ဖို့ အသင်ကြား ခံခဲ့ရဘူးတယ်
ဒါပေမယ့် အရာရာတိုင်း င့ါစိတ်ရဲ့  ကိုယ်ကြီးက
သူဖြစ်ချင်တာကိုချည်း လိုက်ပြီး အဆုံးစွန် ဖြည့်စွက် နေတုန်း
ကိုယ့်ကိုယ်ထက် အချစ်ဆုံးဆိုတာကို တွေ့ ချင်နေတယ်။

@ လမင်းက ခွေးကိုမလှောင်သလို ခွေးကလဲ လမင်းကို ဟောင်ခဲ့လို့ လား
ဗန္ဓုလ ဖောင်ဖျက်ဖို့  မကြိုးစားဖူး သလို
ဓနုဖြူ တိုက်ပွဲမှာ ရော ဘုရင့်နောင် ကျဆုံးဖို့  အခွင့်ရေး ရခဲ့လိုလား။

@ ထပ်တူမကျ နိုင်တဲ့ အခြေအနေ အချိန်ခါမို့ 
သုခချမ်းသာခြင်းရဲ့ု့အနှစ်သာရကို မသိမြင်သေးသလို
ဒုက္ခဆင်းရဲခြင်းရဲ့ အဖိုးခကို ယနေ့ ထိ ငါ တန်ဖိုးမဖြတ်တတ်သေး။

@ "ကိုယ်ထင်ရင် ကုတင်ရွှေနန်း" တဲ့
ဒီပါးစပ် စကားပုံထဲပဲ အဖန်လဲလဲ တ၀ဲဝဲငါ
ထင်ရာစိုင်း နှစ်မွန်း သွားနေရဆဲရယ်။

ဥက္ကာပျံ(ဘီလူးကျွန်း)

လူတူ သစ်ပင်


လူတိုင်းလူတိုင်း ကြောက်စိတ်ရွံစိတ်လေးတော့ ကိန်းဝယ်နေကြမှာ ပါပဲ။လူအမျိုးမျိုး စိတ်အထွေထွေ မိတစ်ထောင်ကဖွား မတစ်ထောင်သားတွေ ဆိုတော့လဲ အခန်းအကန့် တော့ ဘယ်တူကြပါ့မလဲနော့်။ဇာချဲ့ ပြီး ခိုင်းနှိုင်းဖွဲ့ ဆို ပြနေလို့ လဲ ထပ်တူကျနိုင်မှာ မဟုတ်ပါဘူး။ကျွန်တော်ကတော့ သင်္ဘောသားဖြစ်သွားရမှာ အသေကြောက်တယ်။သင်္ဘောသားဆိုလို့  လူ့ အကျိုးပြု ကုန်သွယ်ကူးသန်း လူနေမှုအဆင့်တန်းဖွံ့ ဖြိုးအောင် ပံ့ပိုးနေကြ တဲ့ မစ္စတာကပ္ပတိန်တွေကို မဆိုလို ပါဘူး။မစော်ကားရဲပါဘူးဗျာ။တစ်ခါတစ်လေတော့လဲ ကိုယ့်အယူအဆ မှန်နေတိုင်း ပြောချင်ရာစွတ်ပြောမိလို့ တစ်ပါးသူကို ထိခိုက်နာကျင်ခံခက်စေတယ် မဟုတ်လား။
ကျွန်တော့်အသိ အစ်ကိုကိုမောင်မောင် တစ်ယောက်ရှိတယ်။မှောင်ခိုခေတ် ကာလလေး ကပေါ့။ကြီးပွားချမ်းသားရမယ်ဆိုတဲ့ လူငယ်တစ်ယောက်ရဲ့ စိတ်နောက်ကိုယ်ပါ ခံယူချက်နဲ့  မြို့ ပေါ်တက် အဆောင်ငှားနေပြီး ကုန်ကယ်ရီသယ်ပို့ ခဲ့တယ်။အဆောင်ဆိုတော့ ဘာသာအမျိုးမျိုး လူမျိုးပေါင်းစုံ နေကြတာပေါ့။ကယ်ရီအလုပ်မပေါ်တဲ့ နေ့ တွေဆို အဆောင်ရှေ့ ဗန်ဒါပင်ကြီးအရိပ်အောက်က သစ်သားကွပ်ပျစ်အပေါ်ကွမ်းစားဆေးသောက် သတင်းတွေရော အတင်းတွေပြော လူစုံအရောင်စုံလို့ ဆိုပဲ။
အဲဒီစကားဝိုင်းမှာ မကြာခင်ကမှ ခရစ်ယာန်ဘာသာဆီ ကူးပြောင်းသွားတဲ့ ကိုကွန်းကလေးဆိုသူ ပုဂ္ဂိုလ်လဲ သူ့ ဘာသာအကြောင်း အော်ကျယ်ကျယ်လေး ပြန့် လွင့်လို့ ဆိုပဲ။လူကြီးပိုင်းတွေကတော့ ဘာသာရေးအတိုက်ခံ မဖြစ်ချင်ကြပုံရပါတယ် ခပ်မဆိတ်လေး သက်ငြိမ်လို့ ။တစ်နေ့ တစ်နေ့  သူ့ ဘာသာဘယ်သို့ ညာ ကောင်းပုံကောင်းကွက်ကိုချည်း ဆွေးနွေးအော်ချက်လုပ်နေတာကို အသိကိုမောင်မောင် နားညိမခံနိင်တော့ဘူးတဲ့။တစ်ရက်တော့ ဘေးအခန်းက ဆယ်ကျော်သက်မလေးတွေကို သူ့ ဘုရားကျောင်းတက်ရင် ပျော်စရကောင်းပုံ သူ့ ဘာသာထဲ ဝင်ရောက်ရန် ကရားရည်လွတ် ဆွယ်တရားဟော နေတာကို ကြားရတဲ့ ကိုမောင်မောင် ဒီလူ့ ကို ငါချွတ်မှ ဆိုပြီး(ခွီး..ခွီး.ဆရာကြီးလေသံနဲ့  နည်းနည်းများ ပိုပြီးထင်)''
ဟေ့လူ ကိုကွန်းကလေး ခင်ဗျားက ခရစ်ယာန်ဘာသာပဲ အကောင်းဆုံးဖြစ်ပြောနေလှချေလား။
ခင်ဗျားမိဘက ဘယ်ဘာသာကို ကိုးကွယ်တာလဲ။ခင်ဗျားရော ဒီဘာသာဆီ ဘယ်တုန်းကစဝင်သွားတာလဲ။“ကိုကွန်းကလေးဆိုတဲ့ ပုဂ္ဂိုလ်က မျက်လုံးလေး ဝဲတည်ဝဲတည်နဲ့ 
“ဒါကျုပ်ရဲ့  မွေးရာပါ ပါရမီလို လေးလေးနက်နက် သက်ဝင်ယုံကြည်ထားတယ်။ဒါဆို ကျုပ်မေးတဲ့ မေးခွန်းတစ်ခုသာ ဖြေပေးနိုင်ခဲ့ ရင် အရမ်းကောင်းနေပါတယ်ဆိုတဲ့ ခင်ဗျား ဘာသာထဲ
ကျုပ်ရာသက်ပန် ဝင်လိုက်မယ်။“စာအုပ်စုံ ဖတ်လေ့ရှိတဲ့ ကိုမောင်မောင့် စိတ်တွေ အထွတ်ရောက် သွားတယ်။“ဟ.. ရတာပေါ့။ကြောင်ပုစွန်စား ကျွတ်ကျွတ်ဝါး သို့ ''ဆိုသလို ကျမ်းစာ တစ်အုပ်လုံး ကျေပြီးသား..မေးစမ်း။အေးမေးမယ်.. ခင်ဗျားတို့  ယေရှူခရစ်တော် ....၁၃နှစ်.......၃၀......?။အာ...ဒါတော့ ကျုပ်မဖြေတတ်ဘူး။(ဘာသာရေး အနိုင်ရလိုမှု ဖြစ်နိုင်သဖြင့် ကိုမောင်မောင် မေးခွန်းကို မရေးတော့ ပါ။)ဘုရားကျောင်း လိုက်ခဲ့လေ ကျုပ်father ဖြေနိုင်လိမ့်မယ်။''ပုပ်ရဟန်းကြီးနဲ့ သွားတွေ့ မယ်တဲ့။ကိုမောင်မောင် ကောင်မလေးတွေ ရှေ့ မို့  နေလို့ မရတော့။အို... ငါမေးတာက အမှန်ဖြစ်ရပ်တွေပဲ ဘာမှကြောက်စရာမလိုဘူး လို့ တွေးပြီ “လာ..အခု သွားကြသာပေါ့''ဆိုတယ်။

“လာကြ...သားတို့  နေပူကြီးထဲက နေလာကြကုန်တာပဲ..ထိုင်ကြ ထိုင်ကြ။ဇီးဖျော်ရည်လေးလဲ သောက်လိုက်ကြအုံးကွယ့်''။fatherကြီးက သိမ်မွေ့ လှတဲ့ အပြုံးနဲ့ ဆီးကြိုနေသလောက် အားကိုးရှိတဲ့ ကိုကွန်းကလေးရဲ့  မျက်နှာက စစ်နိုင် ဘုရင်တစ်ပါး မျက်နှာပေါက်နဲ့ “father ဒီလူမေးတဲ့ မေးခွန်းကို ဖြေပေးနိုင်ရင်း ဒီဘာသာဝင် အဖြစ် ခံယူပါ့ မယ်တဲ့။သူနားလည် ကင်းရှင်းအောင်သာ ဖြေကြားပေးလိုက်ပါဗျာ''။အင်း ဘာမရှင်းတာတွေ မေးကြမှာတုန်း?။ဒီလိုပါ father ခရစ်တော် မပေါ်ခင် သခင်ယေရှူ အသက် ၁၃နှစ်......၃၀ကြား...?။ကိုမောင်မောင်ရဲ့  အမေးလေးက လူငယ်တစ်ယောက်လို ပြတ်သားလှပါတယ်။
''သားတို့  ကောက်ညှင်းကျည်တောက်နဲ့ ငါးခြောက်ဆီဆမ်းလဲ စားကြအုံး''ဆိုပြီး ထိုမေးခွန်းကို အဖြူ အမည်း မပြောပဲ စကားလမ်းလွဲ လိုက်ပါတယ်တဲ့။အနိုင်လို ချင်နေတဲ့ ကိုကွန်းကလေး မခံမရပ်ပဲ ''father သူ့ မေးခွန်းကို ဖြေပေးပါအုံး။မေးခွန်းက တိုပေမယ့် ရှင်းရမှာ ရှည်လှတယ်။ သူသိပြီးဒါ ဖြစ်မှာပါ လို့  father ကပြန်ဖြေပြီး သားမောင်မောင် အားတဲ့တစ်ရက် ကျောင်းလာခဲ့အုံး father ဝတ်ပြုလိုက်အုံးမယ်''ဆိုပြီး နှုတ်ဆက်သွားတယ်။ဒီနောက် ငါလဲ မသွားဖြစ်တော့ပါဘူးကွာ။father ကို မျက်နှာပူလို့ သွားလဲ မသွားချင်တော့ပါဘူး။ကွန်းကလေးကို နှက်ချင်လို့ သာ ငါfather နဲ့ သွားတွေ့ တာ စော်ကားလိုတဲ့ စိတ် မထား ထားတာတော့ အမှန်ပါညီ။သူတော်ကောင်းကို စော်ကားမိစေသလားကွာ။သူတပါးကို မထိခိုက် စိတ်ထားစင်စင်ကြယ်ကြယ် ကျင့်ကြံ နေထိုင်နေတဲ့ ပုဂ္ဂိုလ်ဟာ သူတော်ကောင်းပါပဲလေ။ကိုဖြိုး ဘယ်ဘာသာပဲ ဖြစ်ဖြစ် စိတ်ကောင်း မထားတတ်ရင် အလကားပဲ မဟုတ်လား။စိတ်ကောင်းရှိတဲ့ father မို့ ပေါ့ အခြားသူဆို မောင်းထုတ်ခံလိုက်ရပြီး။မစော်ကားပေမယ့် ကျောင်းပေါ်တက် ပျော့ကွက်နင်းလိုက်တာကိုး။
''တော်ပါပြီး ..တစ်ခါဆို ဆိုသလောက် မှတ်သားလိုက်ပြီး။နောက်ဆို ဘာဖြစ်ဖြစ် သည်းခံလိုက်အောင် ကြိုးစားတော့မယ်။လောကကြီးက သူ့ အတိုင်း သွားနေတာပါပဲ။မှန်နေပေမယ့် အကျိုးမရှိတဲ့ အလုပ် မလုပ်မိပါစေနဲ့ ညီ။အကျိုးမရှိတာ မတွေးမိစေနဲ့ နော်။သဘာဝမကျ တာတွေ တွေ့ မယ်မြင်မယ် ဆိုလဲ ငါ့လို ဝင်မတိုးမိ ပါစေနဲ့ ကွာ''တဲ့ ။
ဟုတ်ပါ့ ကိုမောင်မောင် ရေ.....ကျွန်တော့်သူငယ်ချင်းတစ်ယောက်ဆို ကျွန်တော့်ထက် စာဖတ်အား ကောင်းပြီး အတွေးအခေါ်လဲ ကောင်းလှတယ်။လေးစားလောက်ပေမယ့်လို့ တစ်ခါတစ်ခါ တစ်ဖက်စွန်းရောက်လွန်းတယ်။သူကျွန်တော့်ကို ဆွေးနွေးဘူးတယ် သိလား။မိဘတိုင်းက သားသမီးကို ချစ်ကြတာ မဟုတ်ပါဘူး.. တို့ သားသမီးကလဲ မိဘကို ချစ်ကြတာပါပဲ။ဒီစကားကို ကျွန်တော် လက်ခံပါတယ်..ဒါပေမယ့် သူ့ ဒဿနတွေက ဆွေးနွေးရင်း တဖြည်းဖြည်း လမ်းလွဲလာတော့တယ်။
ကိုဖြိုး မင်းစဉ်းစားကြည့် ပါ...''သားအဖ နှစ်ယောက် လှေကားထောင်ပြီး သံရိုက်တယ်ဆိုပါစို့ ..အဖေက လှေကားပေါ်မှာ တူလေးကိုင် သံတက်ရိုက်မယ်။သားက လှေကားရင်းမှာ လှေကားငြိမ်အောင် ထိန်းရင်းနဲ့ အရိုးကျွတ်ထွက်လာတဲ့ သံရိုက်မယ့်တူ သားခေါင်းအပေါ်ကျလာတော့ ။အဖေက ပြေးဆင်းလာပြီး ဖွ..ဖွ.. ဥုံဖွ... မနာပါဘူး သားရယ်..ဥုံဖွ..ဥုံဖွ ပေါ့ ။အဲ..သားက အပေါ်သံတက်ရိုက် အဖေက လှေကားရင်း နေရင်း တူကျွတ်ကျလာရင်တော့ မင်းသိပါတယ် ဘာဖြစ်မလဲ ဆိုတာ။''အသုံးကို မကျဘူး..သံလေးတောင် ဖြောင့်အောင်မရိုက်တတ်တဲ့ကောင်..ဘယ်မှာသွား သုံးမလဲ...ဒီအလကားကောင်နဲ့ တော့ ခက်ပါတယ်။''လို့ အပြောခံ ရတယ်။တို့ သားသမီးကျ ဘာမှ ပြန်ပြောခွင့် မရဘူး။မိဘကို ချစ်လို့ မဟုတ်ဘူးလား ကိုဖြိုးရ နော်။(ဟုတ်တော့  ဟုတ်နေပြီ ဒီဘဲကြီးမောင်းတဲ့ လမ်း နှစ်ဆယ့်ရှစ် နှစ်ပိုင်းတစ်ပိုင်း ဒီဂရီ တိမ်းစောင်း ကမ္ဘာပတ်နေပြီးပဲ)။ရှိသေးတယ် ကိုဖြိုး...... မိဘတွေက သူ့ တို့ ပြောသမျှ နာခံမှ သဘောကျ လက်ခံကြတယ်။သူတို့ စကားကပဲ နေရာတိုင်း မှန်နေကြတယ်လို့  တရားသေ စွဲနေကြတာကွ။အဖေဖြစ်တဲ့ သုဒ္ဓေါနမင်းကြီးက ဘုရားမဖြစ်ခဲ့ ပါဘူး။သူ့ သားသိဒ္ဓတ္ထကပဲ ဘုရားဖြစ်ခဲ့တယ် မဟုတ်လား။သားသမီးတွေမှာလဲ အမှန်တရားပါတဲ့ အသိဥာဏ်တွေ ရှိကြပါတယ်ကွ။ရှေးရိုးစွဲ တွေးခေါ်မှုတွေက စာတွေ့ လောက်ပါပဲ ကိုဖြိုး..မဟုတ်ဘူးလား''။(ဟုတ်ကိုမဟုတ်နေတာ ဘုရားဟော ဓမ္မတရားတော်တွေက ရှေးကနည်းနာနိဿယတွေ မဟုတ်ဘူးလား။စာတွေ့ ရော လက်တွေ့ ရော တွေ့ မြင်ကြားနာ နေရတာပဲလေ)။သူက သူ့ စည်းချက်နဲ့  သူ့ စာသား ခွင်ကျကျ ကဗျာ့ slammer နတ်စီးနေတဲ့ performanceကဗျာ့ ဆရာပုံမျိုး ရင်ဘတ်ထဲက စိမ်းရင့်ရင့် ခံယူမှု အရောင်တွေ သူ့ မျက်လုံးပေါ်မှာ ဖြာဟတ်တောက်လောက်နေတော့လဲ သားတော်..ရာဟုလာရဲ့ အဖေက ဘယ်သူလဲဆိုတာ ခင်ဗျားမေ့သွားပြီလားဗျာ'' လို့ တော့ မမေးရက်တော့ပါဘူး။''ကိုမောင်မောင်ရေ...။ကွန်မြူနစ်သဘောတရားကို တွန်းကန် ငြင်းဆန်နေတဲ့  ကျွန်တော်လေ သူရဲ့  ဒဿနတွေ ကြောင့် အဖွဲ့ ဝင်တောင် ဖြစ်သွားတော့ မလို့ ပါပဲ။
နှမြောလှပေမယ့် နောက်လူတွေ လမ်းမလွှဲဖို့  တစ်ယောက်ကို ချန်ပစ်လိုက်ရတော့တယ်။လူ့ စည်းကမ်းနဲ့  မကိုက်ညီ ဖခင်မဖြစ်သေးတဲ့ အချိန်က တစ်ဝက်စာ ဒဿနအတွေးတွေနဲ့  အကျိုးမရှိ တွေဝေနေမဲ့အစား...လူငယ်ပဲ နည်းမှန်လမ်းမှန် တွေးသင့်..သင်သင့်တာတွေ အများကြီးပါ။လူလူချင်း ယောင်္ကျားနဲ့ မိန်းမ ဘယ်သူက သစ္စာပိုရှိ ကျလဲလို့  စကားရည်လု ဝေဖန်နေကြတော့ မှာလား။ အင်္ဂါ.. ဓါတ်..ရုပ်နာမ်တို့ ကို တန်းတူ မထားနိုင်ကြဖူးတဲ့လား။အရေပြားကွဲရင် ရဲရဲနီတဲ့ သွေးထွက်တာချင်းတူတူ ဘာကိုသာတယ်.. နာတယ်..။ အလေးချိန် အချိန်ကုန် ဆွေးနွေးတွေဝေ နေကြတော့ မှာလနော့်။တဂိုး
ကဗျာတစ်ပုဒ်မှာဆို သစ်ခုတ်သမားတစ်ယောက်ဟာတဲ့ သူ့ ပုဆိန်အရိုးတပ်ဖို့ အတွက် ပုဆိန်အရိုးကို သစ်ပင်ဆီမှာ သွားတောင်းခဲ့တယ်။သစ်ပင်ကကြည်ဖြူစွာဘဲပေးလိုက်လေတယ်။သဘောထားကြီးလိုက်
တဲ့သစ်ပင်...သဘောထားကြီးလိုက်တဲ့ ကဗျာဆရာ ကျော်ကြားပါပေတယ်။
အခုလိုကမ္ဘာ့ရွာလေးထဲမှာ ကိုယ်တတ်ထားတဲ့ နည်းပညာတွေ ဒိုင်လျှိုမပါ ဒိုင်စားမရှိ မျှဝေပေးတဲ့လူကို(အထူးသဖြင့် ကျွန်တော်မေးသမျှ ဖြေပေးကျမယ့် ပုဂ္ဂိုလ်တွေကို) မြင့်ရာကရေ နိမ့်ရာကိုစီးပေးမယ့် ရေ
တံခွန်လို လူသားလို့ ကျွန်တော်ဂုဏ်ပြုသတ်မှတ်ထားတယ်။
ဆရာကြီးမင်းသိင်္ခ ရေးထားခဲ့ဘူးသလိုပေါ့။ဘ၀ဆိုတာ ခရီးသွားခြင်း တစ်ခုလိုပါဘဲ။မြို့ အ၀င် ဆိုင်းဘုတ်
က ကြိုဆိုပါ၏နဲ့  မြို့ အထွက် နှုတ်ခွန်းဆက်သပါ၏ လိုပါပဲ..ကာလအချိန်ခဏလေးပဲ ခြားထားတာ ဒင်္ဂါးတစ်ချပ်လို ကျောချင်းကပ်နေတာပါဘဲတဲ့။ကျွန်တော်တို့ တွေ ၀င်လာတဲ့ အချိန်နဲ့  ပြန်သွားမယ့် ခဏ
လေးမှာ ဘာလုပ်ပေးသွားကြမှာလဲ?။
မြန်မာ့vcd lady live showခွေထဲမှာဆိုရင် တွင်ကယ်ကို လေးစားမိတယ်။နာမည်ရပြီးတဲ့လူသစ်လူဟောင်း သီချင်းကောင်းတွေအပြိုင်ဆိုနေကျပေမဲ့ တွင်ကယ်က
တော့ ကျော်ကြားလိုမှု အတ္တမပါ ဦးကျော်ဟိန်းရဲ့  အဓိပ္ပာယ်ရှိသောလူ သီချင်းဟောင်းကို မားသားထရီ
ဇာ နောက်ခံposterနဲ့  ဟစ်သွားတာ ကျွန်တော်လေ ပီတိဖြစ်လို့  ကြက်သီးတောင် ထသွားတယ်။
အားကျမိတယ်ဗျာ...
ကျွန်တော်လေ သစ်တစ်ပင်ကောင်းရင် ငှက်တစ်သောင်းနားတယ်ဆိုတဲ့ စကားပုံကို အရမ်းသဘောကျ
မိတယ်။တဂိုးရဲ့ သစ်တစ်ပင်ဖြစ်ချင်တယ်။ထင်းဆိုက်လို့ မရ မီးမြိုက်လို့ မရတဲ့ သင်္ဘောပင်သားလို မဖြစ်
ချင်ဘူး။သင်္ဘောသားလို့ အခေါ်ခံရမှာ ကြောက်တယ်။လက်ထဲမှာဆုပ်ကိုင်ထားတဲ့ တူ ကျွတ်ကျသွားမှာ
အရမ်းကြောက်တယ်။
ဥက္ကာပျံ(ဘီလူးကျွန်း)

သက်တန့် ကို စောင့်စားသူ




*နုလျပါးလွှာတဲ့ ပွင့်ချပ်ပန်း အလှလို ပြေပြစ်ချောမွေ့ မယ့်
စိတ်အဆာ ကဗျာတစ်ပုဒ်လောက် ဖန်ဆင်းခြယ်မှူန်းလိုတဲ့ ဆန္ဒက
အတောမတတ်နိုင် ခဲ့သေးဘူး။
*ကာလာစုံ အသွင်ဆန်းတဲ့ သူတပါး ကဗျာ့ပန်းချီကားတွေက
ဓါတ်ပုံရိုက် ဖိုင်save ထားသလားပဲ
သဏ္ဍာန်လုပ် သရုပ်ပေါ် ပါပေတယ်။
*ခြားကဗျာတွေ ဖတ်မိလေတိုင်း မိုးလန့် လို့ 
့ဝေဟင်မှ ထိုးသက်ဆင်းတဲ့ ပျံလွှားငှက် တစ်ကောင်လို
စိတ်ဓါတ်တွေ ခြေခေါက်လဲခဲ့တာ အခါခါ။
*ဗျူဟာမပါ ကာလာမဲ့တဲ့
ကိုယ့်ကဗျာကို ဖန်တီးလိုက်လေတိုင်း
အလိုလိုနေတဲ့ စိတ်က မုန်ယိုနေလေရယ့်။
*လှေနံဓားထစ် ပုံသေတစ်လမ်းတည်း ခုတ်မောင်းမယ့် ရထားအလားပဲ
တစ်ခုတည်းမှာ တဝဲဝဲလည်ရင်း သမာဓိတွေတောင် တည်တံ့လာခဲ့တယ်
တစ်ပုဒ်စစပါတတ်တဲ့ ကိုယ့်ကလောင်ကိုတောင် မသတီ ချင်တော့ဘူး။
*ကျားကွက်လို ထောင့်စေ့ သက်တန့် လို အရောင် စုံ
တစ်လမ်းမမောင်း အစုန်အဆန်စိုင်းတဲ့
စစ်ကိုင်းရောက်မယ့် မြင်းမျိုး
အရောင်ခြောက်ဆယ် အိုးစားဖက်တစ်ယောက်လောက်
ကောက်ရခဲ့ လိုတယ်။
*သည်ပုဂ္ဂိုလ်နဲ့ နောက်ထပ်ထပ် ကောက်ရလာမယ့်
ရွှေရုပ်လေးနဲ့ ဈေးပေးမခေါ်ကြနဲ့ 
အရောင် စုံရင် ဆရာပဲ
ဘာနဲ့ မှ မလဲနိုင်ပါ
သူ... ငါ့ဆရာ။
ဥက္ကာပျံ(ဘီလူးကျွန်း)

သူများ

*နူးညံ့တဲ့ အပေါ်ရုံ အရေပြားတွက် ရည်မှန်းချက်တွေ
မျက်ကန်း ကုန်ကြလေပြီ။
ကျော့ကွင်းရမက်တွင်း တိုးတက်ညင်ညင် စုံပစ်ဝင်ရောက်
တစ္ဆေမကြောက် သောသူတွေ။
*အ'မ ဗ'မ ဖ'မ မ'မ အမမျိုးစုံထွေ မောင့်ဘုန်းကြောင့်ပေ
ဘ၀င်လေသလှပ် အတောမသတ်ပဲ အာဆီယံအပေါင်းနဲ့ မြူးလို့ 
အိပ်ဖောင်းဖောင်းပြဲံမှ မရောင်ရာဆီလူး
လကုန်ရက် အိမ်ဦးလူ ဖုန်းဆက်လျှင်
စိတ်ပျက်သော သူတွေ။
*ဒို့ ပို့ တဲ့လူတွေ Basic ကြေးငွေကောင်း
O.T ဆို အညောင်းပေါ့ဟယ်
ကြွယ်လိုက်တဲ့စကား နေအေးတပည့်သားများလား
ဒို့ များ ရှိတာဆွဲပေါင် အရဲကိုးလို့ 
ဟော......အခုတော့ over လိုက်ရတဲ့ stay
အေးဂျင့်ထားတဲ့ အဆောင်မှာ ခွေနေလိုက်ကြတာတဖုံ
ရွာကအိမ်တွေ လူမကုန်သေးသမျှ
ပို့လိုက်ကြတဲ့လူ မစင်မကြောက်တဲ့
ဝက်လိုသူတွေ။
*ဒုက္ခ ဖြစ်ကျိုးအမှန်(သစ္စာ) ဒုက္ခ ဖြစ်ကြောင်းတရား
ဂရုမထား ယား'စား'နံ'ကြား'မြင်
ငါးပါးခွင် အပြင်ဧည့်သည်နဲ့ 
မိတ်ဖက်သော သူတွေ။
*သူတွေ....။
*သူတွေ....။
*သူတွေ....။
ဥက္ကာပျံ (ဘီလူးကျွန်း)